ပြည်မြို့ အ.ထ.က(မူယာပင်)ကျောင်း၌ လူငယ်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည် ဧပြီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ၊ ရွာဘဲရပ်(မူယာပင်) အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီကျောင်းပိတ်ရက်များအတွင်း ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်း တက်ရောက်နေ‌သော အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား လူငယ်အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များပြသပေးခြင်းနှင့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုနိုင်ရန် စီစဉ်ပေးခြင်းတို့ကို  ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ရွှေဝါဖူးက "ကလေးအလုပ်သမားပပျောက်ရေး" ခေါင်းစဥ်ဖြင့် ကလေးအလုပ်သမား၏ အဓိပ္ပါယ်နှင့် ကလေးအလုပ်သမား ‌ပပျောက်ရေးဆိုင်ရာသိမှတ်ဖွယ်အကြောင်းများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူကလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူကလေးများအား မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် သတင်းတု/သတင်းမှားများအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးပြီး နယ်လှည့်ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဉ်မှ ဗဟုသုတဖြစ်ဖွယ်သုတ၊ရသစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများလေ့လာဖတ်ရှုနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)