လိပ်သို ဧပြီ ၂၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ တောင်ပေါ်ဒေသတောတောင်များ၌ အလေ့ကျ ပေါက်ရောက်သည့် တံမြက်စည်းပင်များအား ခုတ်ယူပြီး တံမြက်စည်း ပြုလုပ်ရောင်းချခြင်းဖြင့် ဒေသခံပြည်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
တံမြက်စည်းပင်သည် အများအားဖြင့် တောင်ပေါ်ဒေသ တောတောင်များတွင် ပေါက်ရောက်ပြီး တောင်ငူ-လိပ်သို-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်လည်း အလေ့ ကျ ပေါက်လျက်ရှိရာ တံမြက်စည်းရှာဖွေ ခုတ်ယူသူများအနေဖြင့် တောတောင်ထဲအထိ သွားရောက် ရှာဖွေ ခုတ်ယူစရာမလိုဘဲ တစ်နိုင်တစ်ပိုင် ခုတ်ယူနိုင်ကြောင်း သိရသည်။
တံမြက်စည်းပြုလုပ်သူများသည် အပွင့်အခိုင်စုံချိန်ဖြစ်သည့် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရှာဖွေခုတ်ယူကြသည်။ ခုတ်ယူရရှိသည့် တံမြက်စည်းအပင်များကို နှစ်ရက်ခန့် သုံး ရက်ခန့် နေလှန်းပြီးနောက် တံမြက်စည်းအပင်မှ အပွင့်များ ကြွေကျစေရန် ရိုက်ခါရသည်။ ရိုက်ခါပြီး တံမြက်စည်းပင်များကို ပလတ်စတစ်ကြိုးဖြင့် ရက်လုပ်ပြီး မြို့ထဲရှိ ဈေးဆိုင်များသို့ သွားရောက်ရောင်းချကြသည်။
ရက်လုပ်ပြီး တံမြက်စည်းတစ်ချောင်းလျှင် ကျပ် (၂၀၀ဝိ/-) မှ (၂၅၀ဝိ/-) ဖြင့် ပြန်လည်ရောင်းချကြောင်း၊ တောတောင်များ၌ သဘာ၀အလျောက် ပေါက်ရောက်နေသည့် တံမြက်စည်းပင်များအား ခုတ်ယူပြီး တံမြက်စည်း ပြုလုပ်ရောင်းချခြင်းသည် အရင်းအနှီး စိုက်ထုတ်စရာမလိုသည့်အတွက် ဒေသခံပြည်သူများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိကြောင်း တံမြက်စည်းပြုလုပ်ရောင်းချသူ ပြည်သူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ် (လိပ်သို)