တောင်တွင်းကြီး ဧပြီ ၃၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ရက်ပိုင်းအတွင်း မြင့်တက်လာသည့်အပူရှိန်ကြောင့် မြို့ပေါ်ရပ်ကွက်အသီးသီးမှ သက်ကြီးရွယ်အိုများနှင့် ဒေသခံပြည်သူများ အပူဒဏ်ကာကွယ်နိုင်ရန်အတွက် ရှေးဟောင်းသမိုင်းဝင်ရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ နားနေဆောင်များ၊ ရိပ်သာများတွင် အပူရှောင်စခန်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အပူရှောင်စခန်းတွင် လာရောက်ကျမည့် သက်ကြီးရွယ်အိုများနှင့် ဒေသခံပြည်သူများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များမှ ဦးဆောင်၍ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ သက်ကြီးဘိုးဘွားများအတွက် အကြို/အပို့ကားများ စီစဥ်ဆောင်ရွက်ခြင်း၊ watercooler သောက်ရေသန့်များ စီစဥ်ပေးထားခြင်း၊ လေအေးပေးစက်များ တပ်ဆင်ပေးထားခြင်း၊ သက်တောင့်သက်သာအနားယူနိုင်စေရန် ပလက်ကုလားထိုင်များ စီစဥ်ဆောင်ရွက်ခြင်း၊ အပူဒဏ်ရှောင်လာရောက်ကျသည့် ပြည်သူများအတွက် စာအုပ်စာစောင်များ ဌားရမ်းဖတ်ရှုနိုင်ရန် စီစဥ်ဆောင်ရွက်ခြင်း၊ အာဟာရဒါနအဖြစ် မုန့်လက်ဆောင်၊ ရွှေရင်အေး၊ အသီးဖျော်ရည်များ စိတ်တိုင်းကျ သုံးဆောင်နိုင်ရန် စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)