ငဖဲ ဧပြီ ၃၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ဇီးတောကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်မှ ကြီးမှူး၍ လူငယ်လူရွယ်များ ယဉ်ကျေးလိမ္မာမှုရှိစေရန်၊ ဘာသာရေးအသိဉာဏ်ဗဟုသုတတိုးပွားစေရန်နှင့် ဘာသာသာသနာနှင့် ထိတွေ့နီးစပ်မှုရရှိစေရန် ရည်ရွယ်၍ (၁၃)ကြိမ်မြောက် နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းကို ဧပြီလ ၂၈ ရက် နေ့မှစ၍ အဆိုပါကျောင်းတိုက်တွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ နံနက်(၇)နာရီတွင် ဇီးတောကျောင်းတိုက်ဆရာတော် ဦးကစ္စာယနထံမှ ကျောင်းသား ကျောင်းသူလေးများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ဦးဣန္ဒေါဘာသက ဩဝါဒစကားပြောကြားကာ ဆရာတော်(၃)ပါးနှင့် ဆရာ/ဆရာမ(၃)ဦးတို့က နံနက်ပိုင်းတွင် (၂)ကြိမ်၊ နေ့လယ်ပိုင်းတွင်(၂)ကြိမ် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်ခန်းစာများ၊ လောကနီတိနှင့် ဆုံးမစာများကို သင်ကြားပို့ချပေးလျက်ရှိသည်။
အဆိုပါသင်တန်းသို့ ဇီးတောကျေးရွာအုပ်စုမှ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဆင့် ကျောင်းသား/သူ(၈၉)ဦး တက်ရောက်ကြပြီး ဧပြီလ(၂၈)ရက်နေ့မှ မေလ(၁၂)ရက်နေ့ထိ ရက်သတ္တပတ်(၂)ပတ်ကျော် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသား/သူများအား ဆရာတော် ဦးတေဇောဘာသမှ သင်တန်းသားအင်္ကျီများ လှူဒါန်းပြီး အလှူရှင်များက စာရေးကိရိယာများနှင့် နေ့စဉ် အချိုရည်၊ မုန့်များကို ကျွေးမွေးလှူဒါန်းကြကြောင်း သိရသည်။
မယု(ငဖဲ)