ပွင့်ဖြူ ဧပြီ ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ သက်ကြီးဘိုးဘွား(၂)ဦးအတွက် စားသောက်ရေးအဆင်ပြေစေရန် ရည်ရွယ်၍ ယမန်နေ့က ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတအကျိုးတော်ဆောင် ဦးကျော်ဆန်းနှင့် ရပ်မိရပ်ဖများက စားသောက်ကုန်ပစ္စည်းနှင့် ဆေးဝါးပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရန်နှင့် စားသောက်ရေးအဆင်ပြေစေရန်အတွက် စားကုန်ပစ္စည်းနှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးရာတွင် ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင် ဦးကျော်ဆန်းက မုန်းဇလဲကျေးရွာ ရပ်မိရပ်ဖများနှင့်အတူ အလှူရှင်ကိုယ်စား အိမ်တိုင်ရာရောက် သွားရောက်ပြီး အသက်(၇၅)နှစ်အထက် အဘွားဒေါ်လှရှင်နှင့် ဒေါ်အုန်းပိုင်တို့အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား စားကုန်ပစ္စည်းနှင့် ဆေးဝါးပစ္စည်းများကို ထောက်ပံ့လှူဒါန်းပေးခဲ့သည်။
ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအသင်းအနေဖြင့် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ဆင်းရဲနွမ်းပါးသော ဝင်ငွေနည်း အိမ်ထောင်စုများကို စားသောက်ရေး အဆင်ပြေစေရန်အတွက် ယခုကဲ့သို့ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခြင်း၊ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများ လှူဒါန်းပေးခြင်း၊ ခြုံစောင်နှင့် အဝတ်အထည်များ ထောက်ပံ့လှူဒါန်းပေးခြင်း၊ နေအိမ်ပြုပြင်ဆောက်လုပ်ရန် အလှူငွေများ လှူဒါန်းခြင်းများကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ တစ်ကိုယ်တော်ပရဟိတအသင်းမှ အကျိုးတော်ဆောင် ဦးကျော်ဆန်းက ပြောသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)