လွိုင်ကော် ဧပြီ ၃၀
ကယားပြည်နယ်အစိုးရအဖွဲ့မှ မူးယစ်ဆေးဝါး ပပျောက်ရေးစီမံကိန်းဝင်မြို့နယ်များတွင် အစားထိုးဖွံ့ဖြိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မျိုးသန့်ဝက်များနှင့် ဒေသကြက်များ ထောက်ပံ့ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ပြည်နယ်၏ မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းဝင်ဒေသများမှ ပြည်သူများ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး မူးယစ်အစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများ ထဲမှ မွေးမြူရေးလုပ်ငန်းများကို ပြည်သူများ ဆောင်ရွက်နိုင်စေရန်အတွက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ဟာ ပြည်နယ်အတွင်း ကျန်းမာရေး၊ ပညာရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို ထိခိုက်ပျက်စီးစေနိုင်တဲ့အတွက် ပြည်နယ်အတွင်း ပြည်သူတစ်ရပ်လုံးက မူးယစ်ဆေးဝါး တားဆီးကာကွယ်ခြင်း လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် မွေးမြူရေးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်း မွေးမြူခြင်းမှ စီးပွားဖြစ် (တစ်အုပ်တစ်မ)အထိ မွေးမြူကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်စေရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးမှ ပြည်နယ်၏ မူးယစ်ဆေးဝါး ပပျောက်ရေး စီမံကိန်းဝင်မြို့နယ်များတွင် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်း မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရေးအတွက် ပံ့ပိုးကူညီမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝက်နှင့်ဒေသကြက်များကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသခံပြည်သူများက လက်ခံရယူ၍ ဒေသခံပြည်သူများ ကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)