ရေကြည်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီး‌ဘေးအန္တရာယ် သဏ္ဌာန်တူလက်တွေ့သရုပ်ပြပွဲကျင်းပ

ရေကြည် ဧပြီ ၃၀

ယခုအခါ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်အဖြစ် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လေ့ရှိသည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီအချိန်က ရေကြည်မြို့နယ်အတွင်းရှိ သပြေကွင်းစံပြကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာဟောပြောပွဲတွင် ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးနိုင်က မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အရေးပေါ်အသုံးပြုနိုင်ရန် မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးချိပ်၊ မီးကပ်၊ ရေပုံးများ၊ သဲအိတ်များထားရှိရေးနှင့် မီးဘေးအန္တရာယ် အထူးဂရုပြုလိုက်နာ ဆောင်ရွက်သွားရေး အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မီး‌ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်များကိုလည်း မီးသတ်ဝန်ထမ်းများနှင့် ကျေးရွာသားများ ပူပေါင်း၍ လက်တွေ့သရုပ်ပြခဲ့ကြသည်။

ဆက်လက်၍မီးဘေး အန္တရာယ်ဖြစ်ပေါ်လာပါက အမြန်ဆုံးမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူး အသုံးပြု၍ ငြှိမ်းသတ်နည်းများကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)