မြန်မာ - ထိုင်း အမှတ် ၁ ချစ်ကြည်ရေးတံတားမှ  ခရီးသွားပြည်သူများ အေးချမ်းစွာ သွားလာလျက်ရှိ

မြဝတီ ဧပြီ ၃၀

ကရင်ပြည်နယ်၊ မြတီခရိုင်၊ မြဝတီမြို့တွင် ၂၀၂၄ ခုနှစ် ဧပြီ ၂၀ ရက်နေ့၌  မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ မြန်မာ-ထိုင်း အမှတ်-၁ ချစ်ကြည်ရေးတံတားအား ယာယီသွားလာခွင့်ကို ဧပြီလ ၂၁ ရက် နေ့မှ ခေတ္တပိတ်ထားခဲ့ပြီး ထိုဖြစ်စဉ်များကြောင့် ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်နှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ  MOU ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်နေသော လုပ်သားများ U-trun ဖြင့် ဆောင်ရွက်ပေးနေရသော လုပ်ငန်းများ ယာယီရပ်ဆိုင်းထားခဲ့ပြီးနောက် ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့၍ ယာဉ်များ၊ ခရီးသွား​​ပြည်သူများအား ပုံမှန်သွားလာခွင့်များ ရရှိအောင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အလားတူ  မြန်မာ-ထိုင်း အမှတ်၂  ချစ်ကြည်ရေးတံတားတွင်လည်း ပို့ကုန်၊  သွင်းကုန်များအား  ပုံမှန်ပြန်လည်ဆောင်ရွက်နိုင်ပေးရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံဆောင်ရွက်ပေးသွားနိုင်ရေးတို့ကို အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားနိုင်ရန် ပို့ကုန်သွင်းကုန်လုပ်ငန်းများအား ပုံမှန်ဆောင်ရွက်သွားနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ-ထိုင်း အမှတ်-၁ ချစ်ကြည်ရေးတံတားမှ ခရီးသည်ပို့ဆောင်ရေး ယာဉ်ငယ်များနှင့် တစ်ဖက်နိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် လုပ်သားများ အဆင်ပြေချောမွေ့စွာပြန်လည်သွားလာနိုင်ရေးအတွက် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး နေ့စဉ် တံတားဖွင့်ချိန် နံနက်(၆) နာရီမှ ညနေ(၆)နာရီအထိ ဖွင့်လှစ်ပေးထားပြီး နေ့စဉ်အားဖြင့် လူဦးရေ ၃၀၀၀ ခန့် အဝင်အထွက် ပြုလုပ်ပေးလျက်ရှိကြောင်းနှင့် လာမည့် မေလ  (၁) ရက်မှ စတင်၍ နယ်စပ် အမှတ် (၁) ချစ်ကြည်ရေးတံတား အဝင်အထွက်ဂိတ်များမှ TBP /BP လက်မှတ်များအား ထုတ်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအပြင် UID ကိုင်ဆောင်ထားသူများသာ လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း ပြည်သူများထံသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အသိပေးကြေငြာချက် ထုတ်ပြန်ပေးထားကြောင်း  တာဝန်ရှိသူထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)