မြိတ် ဧပြီ ၂၉
နိုင်ငံတော်အစိုးရ၏ သာသနာတော်ဆိုင်ရာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ အလယ်ကျွန်းရပ်၊ တောကျောင်းပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဉာဏိန္ဒ (သာသနဓဇဓမ္မာစရိယ)အား ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာကို ဧပြီ(၂၈)ရက် နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ပူဇော်ပွဲအား နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု လှည်းဘီးပရိယတ္တိစာသင်တိုက် ဆရာတော်နှင့်သံဃာတော်များ၊ သီလရှင်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမော တဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။
ထိုနောက် တောကျောင်းမိသားစု ပဝါရဏာဂိုဏ်း၏မဟာနာယက ဘဒ္ဒန္တကိတ္တိသာရ ခုံမော်ကျောင်းကြီး ဆရာတော်ထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ဆက်လက်၍ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဉာဏိန္ဒ ၏ ထေရုပ္ပတ္တိအကျဉ်း၊ မင်္ဂလာတေးထပ်၊ မင်္ဂလာပိုဒ်စုံရတု၊ ရှစ်လုံးဖွဲ့ ကဗျာများဖြင့် သံဃာတော်များနှင့် တာဝန်ရှိသူများက ဖတ်ကြား ရွတ်ဆိုပူဇော်ခဲ့ကြပြီး ဆရာတော် သံဃာတော်များနှင့် အပူဇော်ခံ ဆရာတော်များအား တပည့်ဒါယိကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ပဉ္စနိကာယသာသနဗိမာန်ကျောင်းတိုက် စာချနာယကဆရာတော် ဘဒ္ဒန္တဝိစက္ခဏ(သာသနဓဇဓမ္မာစရိယ၊ ဝိနယဓရ) (မဟာဂန္ထဝါစကပဏ္ဍိတ) ထံမှ ဧည့်ပရိသတ်အပေါင်းတို့က အနုမောဒနာတရားယူကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ပူဇော်ပွဲကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)