လိပ်သို ဧပြီ ၂၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ ဖာလာ၊ ကော်ဖီ၊ တညင်း၊ ရော်ဘာ စသော နှစ်ရှည်ပင်များကို အဓိက အားထားစိုက်ပျိုးကြရာ နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်သော ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက် ကွမ်းသီးအခြောက်များ ဈေးနှုန်းကျဆင်းနေ၍ ကွမ်းသီးခြံပိုင်ရှင်များ ကွမ်းသီးဈေးနှုန်းပြန်လည်မြင့်တက်ရန် မျှော်လင့်နေကြောင်း သိရသည်။
ဒေသနေပြည်သူများမှာ တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်ငန်းအဖြစ် ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့် အချိန်မှစကာ အပင်သက်တမ်း (၇) နှစ်ကျော် (၈) နှစ်တွင် အပွင့်များ စတင်ထွက်ရှိ၍ အသီးများသီးကြောင်း၊ ကွမ်းသီးပင်တစ်ပင်လျှင် အရင့်မှည့်သီး များကို (၃) ပြန်ခူးယူလေ့ရှိကြောင်း၊ ကွမ်းသီးအခြောက်ဖြစ်လာရန် အသီးကို အပင်ပေါ်မှ တက်ခူးရပြီး အလုံးကိုဓါးဖြင့်လည်းကောင်း၊ စက်ဖြင့်လည်းကောင်းခွဲ၍ နေပူလှန်းကာ အခြောက်ကို စတင်ရောင်းချ နိုင်ကြောင်း၊ ယခင်နှစ်က ကွမ်းသီးခြောက် တစ်ပိဿာလျှင် (၇၀၀ဝိ/-) ကျပ်မှ (၉၀၀ဝိ/-) ကျပ်ဝန်းကျင် ရရှိပြီး ယခုနှစ် နွေရာသီကာလတွင် ကွမ်းသီးအခြောက် တစ်ပိဿာလျှင် (၅၀၀ဝိ/-) ကျပ် မှ (၆၀၀ဝိ/-) ကျပ်သာရရှိကြောင်း ကွမ်းသီးစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ် (လိပ်သို)