ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၂၀၂၄)ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်စခန်း (ငွေဆောင်)နှင့် ဒွါဒသမတန်း လူရည်ချွန်စခန်း(ချောင်းသာ) စခန်းဖွင့်ပွဲ အခမ်းအနားများ တက်ရောက်

ပုသိမ် ဧပြီ ‌၂၉

၂၀၂၄ ခုနှစ်၊ ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်း လူရည်ချွန်စခန်း( ချောင်းသာ)စခန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစခန်းများ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန်မောင်/မယ်များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ လူရည်ချွန်စခန်းမှူး(ငွေဆောင်) တိုင်းဒေသကြီးပညာရေးမှူးတို့က  (၂၀၂၄) ခုနှစ်၊ ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်) မုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး  ယမုံနာဦးဟိုတယ်ခန်းမတွင် အခမ်းအနားဒုတိယပိုင်း အစီအစဉ်များအား ဆက်လက်ပြုလုပ်ရာ လူရည်ချွန်မောင်မယ်များမှ “မြန်မာ့ကျောင်း”သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် တိုင်းဒသကြီးဝန်ကြီးချုပ်က  “ ဧရာဝတီတိုင်းဒေသကြီးသည် တည်ငြိမ်အေးချမ်းမှုရှိပြီး ကမ်းခြေခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိပါကြောင်း၊ လူရည်ချွန်မောင်မယ်များအနေဖြင့် အပန်းဖြေရင်း တိုင်းဒေသကြီးအတွင်း သွားရောက်လေ့လာနိုင်ရေး စီစဉ်ထားပါကြောင်း၊ နယ်မြေဒေသအသီးသီးမှ ထူးချွန်ထက်မြတ်သည့် လူရည်ချွန်မောင်မယ်များ စုစည်းနေသည့်အတွက် မိမိတို့၏ ဒေသဆိုင်ရာဗဟုသုတများကို တစ်ဦးနှင့်တစ်ဦး ဖလှယ်နိုင်မည်ဖြစ်ပါကြောင်း၊  လူရည်ချွန်များသည် ကျောင်းစာတွင် ထူးချွန်ရုံမက ပြင်ပဗဟုသုတစာပေများ၊ အားကစား၊ အနုပညာနှင့် ပေါင်းသင်းဆက်ဆံရေး ကဏ္ဍများတွင်လည်း ဘက်စုံထူးချွန်ထက်မြက်သူများဖြစ်ပါကြောင်း၊ လူရည်ချွန် မောင်မယ်များအ​နေဖြင့် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ကြရမည့်သူများဖြစ်ပြီး ဘက်​ပေါင်းစုံမှထူးချွန်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူရည်ချွန်မောင်မယ်များဖြစ်စေရေး ကြိုးပမ်းကြ​စေလို​ကြောင်း၊ တိုင်းဒေသကြီးအတွင်း လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးလျက်ရှိရာ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ၊ အခြေခံလေကြောင်းလူငယ်သင်တန်း၊ ရေကြောင်းလူငယ်သင်တန်း၊  နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ၊ ကင်းထောက်လူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ ပညာရေးစနစ် မြင့်မားလာသည်နှင့်အမျှ သင်ယူမှု အခွင့်အလမ်းများသည်လည်း များပြားလာမည်ဖြစ်ပါကြောင်း၊ လူငယ်များသည် စူးစမ်းလေ့လာလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ် အကျိုးအကြောင်းဆီလျော်စွာဖြင့် အမှားအမှန်‌ ဝေဖန်ပိုင်းကြားလိုစိတ် ရှိသူများဖြစ်ပြီး မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာအောင်ရန်  ဥပဒေကို သိရှိလေးစားလိုက်နာတတ်ရန်နှင့် ကျင့်ဝတ်သိက္ခာပြည့်ဝပြီး လူမှုတာဝန်များကို ကျေပွန်စွာ ပြုမူနေထိုင်တတ်ရန်လိုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး လူရည်ချွန်အပန်းဖြေစခန်းများသို့ လာရောက်ကြသည့် လူရည်ချွန်မောင်မယ်များအနေဖြင့် နေထိုင်စဉ်ကာလအတွင်း တိုင်းဒေသကြီး၏ နယ်မြေဒေသဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ အပန်းဖြေလေ့လာစရာများစုံလင်စွာ လေ့လာနိုင်ရေးနှင့် ဗဟုသုတများများစွာ ရရှိနိုင်စေရေး ဆောင်ရွက်ထားရှိပါကြောင်းနှင့် အေးချမ်းပျော်ရွှင်စွာဖြင့် အတူတကွ ဖြတ်သန်းနိုင်ကြပါစေကြောင်း” အမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍  လူရည်ချွန်အပန်းဖြေစခန်း (ငွေဆောင်) လူရည်ချွန်စခန်းမှူး တိုင်းဒေသကြီးပညာရေးမှူးက လူရည်ချွန်စခန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊  တာဝန်ရှိသူများက လူရည်ချွန်မောင်/မယ်များအား ရင်ထိုးတံဆိပ်များအား တစ်ဦးချင်းစီ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက လူရည်ချွန်မောင်မယ်များအတွက် အမှတ်တရ လက်‌ဆောင်ပစ္စည်းများအားလည်းကောင်း ပေးအပ်ခဲ့ကြပြီး (၁၉၆၄-၁၉၈၈) လူရည်ချွန်ကြီးများက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်ထံသို့  အမှတ်တရလက်ဆောင်ပစ္စည်းများအားလည်းကောင်း၊ ငွေဆောင်လူရည်ချွန်စခန်းမှူးက တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် လူရည်ချွန်ကြီးများထံသို့ အမှတ်တရလက်ဆောင်များအားလည်းကောင်း ဆက်လက်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အ.ထ.က(ခွဲ) ရှောက်ချောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ ကရင်ဒုံးယိမ်းအကအား ကြည့်ရှုအားပေးခဲ့ပြီးနောက် လူရည်ချွန်မောင်မယ်များက “ဇာတိမာန်” သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ ဧကာဒသမအတန်း လူရည်ချွန်စခန်း (ငွေဆောင်) စခန်းဖွင့်ပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က လူရည်ချွန်မောင်မယ်များနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကာ လူရည်ချွန်မောင်/မယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒွါဒသမတန်း လူရည်ချွန်စခန်း( ချောင်းသာ) စခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ လူရည်ချွန်စခန်း(ချောင်းသာ) မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် (AZURA) ဟိုတယ်၌ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ လူရည်ချွန်မောင်မယ်များက “မြန်မာ့ကျောင်း”သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားများ ပြောကြားရာတွင် ယခုနှစ်တွင် ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်း လူရည်ချွန်စခန်း(ချောင်းသာ) စခန်းနှစ်ခု ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် အေးချမ်းသာယာမှုရှိပြီး ချောင်းသာ၊ ငွေဆောင်ကမ်းခြေများသည် ခရီးသည်များ အများဆုံးဝင်ရောက်လျက်ရှိသည့် အထင်ကရကမ်းခြေများဖြစ်ပါကြောင်း၊ လူရည်ချွန်သည် စာပေတစ်ခုတည်းမဟုတ်ဘဲ ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များဖြစ်ပါကြောင်း၊ လူရည်ချွန်မောင်မယ်များအနေဖြင့် သက်ဆိုင်ရာစခန်းအသီးသီး၌ နယ်မြေဗဟုသုတအသစ်များ ရှာဖွေလေ့လာကြရမည်ဖြစ်ပါကြောင်းနှင့် လူရည်ချွန်မောင်တို့မယ်တို့အနေဖြင့် လူရည်ချွန်စခန်း(ငွေဆောင်)နှင့် လူရည်ချွန်စခန်း(ချောင်းသာ)စခန်းတို့အား အပြန်အလှန် သွားရောက်လေ့လာနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ အပန်းဖြေစခန်း၌ လာ‌ရောက်နေထိုင်စဉ်ကာလအတွင်း ကျန်းမာပျော်ရွှင်စွာဖြင့် အသိပညာဗဟုသုတ အသစ်များလည်း ရှာဖွေဆောင်ရွက်နိုင်ပါစေကြောင်းနှင့် တိုင်းပြည်နှင့် နိုင်ငံတော်အတွက် အားထားရသည့် လူရည်ချွန်မောင်မယ်များဖြစ်ကြပါစေကြောင်း” အမှာစကားများ ပြောကြားကာ လူရည်ချွန်အပန်းဖြေစခန်း (ချောင်းသာ) လူရည်ချွန်စခန်းမှူးက လူရည်ချွန်စခန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်/မယ်များအား ရင်ရင်ထိုးတံဆိပ်များအား တစ်ဦးချင်းစီ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခဲ့သည်။ ဆက်လက်၍  လူရည်ချွန်စခန်းမှူး (ချောင်းသာ)က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ အမှတ်တရလက်ဆောင်များ ပေးအပ်ပြီးနောက် (၁၉၆၄-၁၉၈၈) လူရည်ချွန်ကြီးများက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့  အမှတ်တရ လက်ဆောင်ပစ္စည်းများ ဆက်လက်ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုသိမ်မြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ “မမပုသိမ်သူ” သီချင်းဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် လူရည်ချွန်မောင်မယ်များက “ဇာတိမာန်” သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ ဒွါဒသမအတန်း လူရည်ချွန်စခန်း (ချောင်းသာ) စခန်း ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူရည်ချွန်မောင်မယ်များနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ပြီး လူရည်ချွန်မောင်/မယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့၍ နေ့လယ်စာများ အတူတကွသုံးဆောင်ခဲ့ကြောင်း သိရသည်။

ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)တွင် လူရည်ချွန်မောင်မယ်(၁၃၅)ဦး၊ ကြီးကြပ်(၁၆)ဦး၊ ဒွါဒသမတန်းလူရည်ချွန်စခန်း(ချောင်းသာ)တွင် လူရည်ချွန် မောင်မယ်(၁၃၂)ဦး၊ ကြီးကြပ်(၁၆)ဦးတို့ စခန်းဝင်ရောက်လျက်ရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)