ဒေးဒရဲမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား (၂၀၂၄) ကျင်းပ

ဒေးဒရဲ ဧပြီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ မိခင်နှင့် မွေးကင်းစမှ အသက်(၅)နှစ်အထိ ကလေးများအား ကျန်းမာသန်စွမ်းစေရေးနှင့် အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့ ဆောင်ပုဒ်နှင့်အညီ "ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် အခမ်းအနား(၂၀၂၄)" ကို ယနေ့နံနက်(၈)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချိုချိုဝင်းက ကိုယ်ဝန်ဆောင်ချိန်မှမီးဖွားချိန်၊ မီးတွင်းကာလအတွင်းဆောင်ရန်၊ ရှောင်ရန်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှအသက် ၂ နှစ်အထိ ကလေးများအား ကာကွယ်ဆေးများအား ဆေးထိုးစုရပ်များအလိုက် ထိုးနှံပေးနေမှုများနှင့် ကာကွယ်ဆေး၏ တန်ဘိုးနှင့် အကျိုးကျေးဇူးများအား အသိပညာပေး ဆွေးနွေးခဲ့ပြီး ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၄)လှုပ်ရှားဆောင်ရွက်မှု Video Clip အား ပြသခဲ့ပြီး တာဝန်ရှိသူများက အသက် (၆) လမှ (၁၁) လအထိကလေးများ၊ အသက် (၁) နှစ်မှ (၅) နှစ်အထိကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခဲ့ခြင်း၊ ကိုယ်ဝန် ဆောင်မိခင်များနှင့် ကလေးငယ်များအား လိုအပ်သည့်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း