ပဲခူး ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စက်ရုံလုပ်ငန်းများထူထောင်ရာတွင် သတ်မှတ်ထားသည့် စက်မှုဇုန်အတွင်း၌သာ ဦးစားပေးခွင့်ပြုပေး သွားရမည်ဖြစ်ပြီး လိုအပ်သော အုပ်ချုပ်မှုကိစ္စရပ်များ လွယ်ကူစွာ စီမံဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊ တည်ဆောက်ဆဲစက်ရုံများနှင့် ခွင့်ပြုချက်/ လိုင်စင်ရရှိရေး စောင့်ဆိုင်းနေရသည့် စက်မှုလုပ်ငန်းများအတွက် လုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေးနှင့် ရုံးလုပ်ငန်းများတွင် ကြန့်ကြာမှုမရှိစေရေး သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ပဲခူးဒေသတွင် ပြည်ပနှင့်ပြည်တွင်းအကျိုးတူ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရှိ၍ ရင်းနှီးမြှုပ်နှံမှု အမည်ပြောင်းလဲလျှောက်ထားမှုများတွင် သက်ဆိုင်ရာသတ်မှတ်အခွန်ငွေများ အပြေအကြေပေးသွင်းကြရမှာဖြစ်ပြီး စက်ရုံလည်ပတ်ချိန်အတွင်း လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ အဓိကအားဖြင့် ဒေသခံလုပ်သားအင်အားများများ အလုပ်အကိုင် ဖန်တီးပေးနိုင်သည့် CMP လုပ်ငန်းများနှင့် ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းလူသုံးကုန် ထုတ်လုပ်သည့်စက်ရုံများကို ဦးစားပေးဖိတ်ခေါ်သွားရမှာဖြစ်ကြောင်း၊ ပူပြင်ခြောက်သွေ့သည့် ရာသီဥတုဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခြင်းအပြင် စက်ရုံအတွင်း စက်ရုံလုပ်သားများ ကျန်းမာရေးနှင့်ညီညွတ်စွာ လုပ်ကိုင်နိုင်ရန် အရေးကြီးကြောင်း၊ တိုင်းဒေသကြီးအတွင်း လူ၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသော စက်မှုလုပ်ငန်းများကို ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိသလို တက်ရောက်လာသည့် ကော်မတီဝင်များကလည်း တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုပေါ် လစဉ်ဆန်းစစ်လေ့လာ သုံးသပ်တင်ပြပေးရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ခေတ္တအတွင်းရေးမှူးက ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်တစ်ခုနှင့် တည်ရှိပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတိုးတက်ထုတ်လုပ်မည့် စီမံချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များက အကြံပြုဖြည့်စွက်တင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများ၏ တင်ပြချက်များအရ ဧပြီလတွင် ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ(၁)သန်းနှင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း(၆၀)ဦး ဖန်တီးပေးနိုင်မည် ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်ဒေါ်လာ (၁၉၉.၀၁၅) သန်းနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမြန်မာကျပ် ငွေ(၈၁၁၁၁.၀၁၁)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၁၁၅၉၇) ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)