မော်လမြိုင်ကျွန်း ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ မာဃဗိုလ်ရွဲလမ်းတွင် ယမန်နေ့ နေ့လယ် (၂) နာရီ (၂၅)မိနစ်ခန့်က နေအိမ်များ၏ အနောက်ဘက် တွင် ဝါးရွက်များ၊ အမှိုက်များစုပုံထားရှိသည့်နေရာသို့ လမ်းသွားလမ်းလာတစ်ဦးမှ မီးပါသော ဆေးလိပ်တိုအား စည်းကမ်းမဲ့စွန့်ပစ်ရာမှတစ်ဆင့် နေအိမ်များ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော် ဦးဆောင်သည့် မီးသတ် သန္ဓေ (၁၉)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၀) ဦးနှင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ နေ့လယ် (၂)နာရီ မိနစ် (၄၀) တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုနောက် အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် လူနေအိမ် (၁၂) လုံးမှ လူဦးရေ ကျား (၂၇) ဦး၊ မ (၂၄) ဦး စုစုပေါင်း (၅၁) ဦးတို့အား အမှတ် (၁၂) ရပ်ကွက်၊ သုဓ္ဓမာဘုန်းတော်ကြီးကျောင်းသို့ ခေတ္တ ရွှေ့ပြောင်းနေရာချထားပေးခဲ့ပြီးဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ပိုလီယို/လေငန်းရောဂါ ခံစားနေရသူ (၁) ဦးသေဆုံးမှုရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)