ရေတာရှည်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်

ရေတာရှည် ဧပြီ ၂၉

မီးလောင်ဆုံးရှုံးမှုမဖြစ်ပွားစေရန်နှင့် ပြည်သူများ အသက်အိုးအိမ်များ မဆုံးရှုံးစေရေးအတွက် မီးကို စနစ်တကျသုံးစွဲတတ်စေရန် အသိပညာပေးကြေညာခြင်းကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီအချိန်က ရေတာရှည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများနှင့် ရန်ကုန် - မန္တလေးပုံမှန်လမ်းတစ်လျှောက် လိုက်လံကြေညာလျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးကြေညာခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကောင်းထက်နိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များက ရပ်ကွက်နှင့် ကျေးရွာများ အသီးသီးတွင် နေထိုင်ကြသော ပြည်သူများအား မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသော မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ၊ မီးစနစ်တကျ သုံးစွဲနိုင်ရေးတို့အား တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် မိမိနေအိမ်တွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများအား ဆောင်ထားကြရန်၊ နေအိမ်တွင် လူမရှိဘဲ ဘုရားမီး၊ အမွှေးတိုင်မီး၊ ခြင်ဆေးခွေများ ထွန်းညှိခြင်းကို မပြုလုပ်ကြရန်တို့အား လိုက်လံနှိုးဆော်ခြင်းများ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေတာရှည်မြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်သူများ၏ အသက်၊ အိုးအိမ်များ မဆုံးရှုံးစေရေးနှင့် မီးဘေးအန္တရာယ်လျော့နည်းစေရန် ရည်ရွယ်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များအား စနစ်တကျ လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

ရေတာရှည် (ပြန်/ဆက်)