ဓနုဖြူမြို့နယ်တွင် ပညာရေးဌာနနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းတို့မှ ဦးစီးသော နွေရာသီမူလတန်းအဆင့် ယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဓနုဖြူ ဧပြီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပညာရေးဌာနနှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းတို့မှ ဦးစီးသော နွေရာသီမူလတန်းအဆင့် ယဥ်ကျေးလိမ္မာသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ရေတွင်းကုန်းကျေးရွာအုပ်စုရှိ အ.မ.က (ရေတွင်းကုန်း)ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မေတ္တာသုတ်ရွတ်ဆိုပူဇော်ကန်တော့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူး အောင်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ ဦးတိုးမြင့်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခုနှစ်နေ့ဘုရားရှိခိုးအား ရွတ်ဖတ်ပူဇော်ပြီး နွေရာသီ မူလတန်းအဆင့် ယဥ်ကျေးလိမ္မာသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ (၁၂)ဦးနှင့် သင်တန်းသား၊ သင်တန်းသူ (၁၂၀)ဦးရှိသည့်အနက် သင်တန်းကာလ ၁၀ ရက်တွင် နေ့စဥ် ကျောင်းတက်မပျက်ဆုရရှိသူ (၉၁)ဦးတို့အား တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲ များမှ ဆုများအသီးသီးချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများမှ မင်္ဂလာ ကဗျာများ ရွတ်ဖတ်ပူဇော်ခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ထို့နောက်အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)