ဘိုကလေးမြို့နယ်တွင် ကွမ်းသီးအနုများ အဝယ်လိုက်လာသဖြင့် ကွမ်းသီးအမှည့်များ ရှားပါးလာပြီး ဈေးနှုန်း မြင့်တက်နေ

ဘိုကလေး ဧပြီ   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသတစ်ခု ဖြစ်သည့်အတွက် ကွမ်းသီးပင်၊ အုန်းပင်များ ပေါများစွာ ပေါက်ရောက်သည့် ဒေသဖြစ်ရာ ဘိုကလေးမြို့နယ် ပတ်ဝန်းကျင် ကျေးရွာများရှိ ကွမ်းသီးစိမ်းအနု (ခေါ်) ကွမ်းသီးအရေ သောက်များအား ကုန်သည်များမှ ဈေးကောင်းပေး၍ အဝယ်လိုက်လာသဖြင့် ကွမ်းသီး အမှည့်များ ရှားပါးလာပြီး ဈေးကွက်အတွင်းတွင် ကွမ်းသီးအမှည့် တစ်လုံးလျှင် (၁၅၀)ကျပ်ခန့် အထိ ဈေးနှုန်းမြင့်တက် လျက်ရှိသည်။

ကွမ်းသီးအနုများအား ကုန်သည်များမှ အပင်တက်သမားများ ကိုယ်တိုင်ခေါ်ယူလာ၍ ကွမ်းသီးခြံများအရောက် ကိုယ်တိုင်ခူးယူကာ တစ်လုံးလျှင်(၅၀)ကျပ်နှုန်းအထိ ပေးဝယ်လေ့ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးမှတစ်ဆင့် ပြည်ပပို့ကုန်အဖြစ် တရုတ်နိုင်ငံသို့ အဆင့်ဆင့်ပို့ဆောင် ရောင်းချလျက် ရှိကြောင်း၊ ပြည်ပနိုင်ငံများတွင် အဆိုပါ ကွမ်းသီးအနုများအား အစာခြေဆေး၊ သန်ချဆေး၊ စိတ်ကျရောဂါဆိုင်ရာ ကုသရေးဆေးဝါးများ၊ ခံတွင်းရနံ့သန့်စင်ဆေးရည်များ ဖော်စပ်ရာတွင်အသုံးပြုကြကြောင်း ကွမ်းသီးအနုဝယ်ယူသည့် ကုန်သည်များထံမှသိရှိရပြီး  တစ်ဖက်တွင်လည်း မြန်မာ့လူမျိုးများ၏ဓလေ့ထုံးစံ ကွမ်းယာစားသုံးမှုတွင်ပါဝင်ရသည့် ကွမ်းသီးအမှည့်များ ရှားပါးလာမှုကြောင့် တနင်္သာရီတိုင်းဒေသကြီး ဘက်မှ ဝင်ရောက်လာသည့် ရေး၊ထားဝယ် ကွမ်းသီးများအား ဈေးကွက်အတွင်း တစ်လုံး(၁၅၀)ခန့်ဖြင့် ဈေးနှုန်းမြင့်မားစွာ ဝယ်ယူစားသုံး နေကြရကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)