ဟားခါး နိုဝင်ဘာ ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးသက်ထွန်း(ချင်းပြည်နယ်တာဝန်ခံ)နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဟားခါးမြို့ပေါ်ရပ်ကွက်များရှိ မဲရုံအခင်းအကျင်း ကြိုတင်ပြင်ဆင်မှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးသက်ထွန်း( ချင်းပြည်နယ်တာဝန်ခံ) နှင့် ပြည်နယ်၊ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင် များသည် ဟားခါးမြို့ပေါ်ရပ်ကွက်များရှိ ဆန္ဒမဲပေးရမည့် မဲရုံနေရာများသို့ ရောက်ရှိ၍ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်နေရာများ၊ မဲရုံကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲလေ့လာသူနေရာများ၊ မဲရုံပြင်ပတွင် တာဝန်ထမ်းဆောင်မည့် မဲရုံအဖွဲ့ဝင်နေရာများအပါအဝင် မဲရုံအခင်းအကျင်းကြိုတင် ပြင်ဆင်မှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအုပ်နောလ်နှင့် အတွင်းရေးမှူး ဦးလင်းကျော်တို့က မဲရုံအခင်းအကျင်းကြိုတင်ပြင်ဆင်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ တင်ပြချက်များ အပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ အဖွဲ့ဝင် ဦးသက်ထွန်း (ချင်းပြည်နယ်တာဝန်ခံ)က အကြံပြု မှာကြားခဲ့ကြောင်း သိရှိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ဟားခါးမြို့နယ်အတွင်း မဲရုံပေါင်း(၉၅)ရုံရှိပြီး ဆန္ဒမဲပေးနိုင်သူပေါင်း(၃၉၂၀၄)ဦး ရှိကြောင်း ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။
အောင်ခွီရှိန်း (ပြန်/ဆက်)