ချောင်းသာ ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များ စခန်းချနေထိုင်မည့် ၂၀၂၄ ခုနှစ်၊ လူရည်ချွန်စခန်း (ချောင်းသာ) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက (ယာယီ) စခန်းတည်ရှိရာ AZURA ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
ရှေးဦးစွာ AZURA ဟိုတယ်ရှေ့မုခ်ဦးတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝေလင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းနှင့် ဒွါဒသမတန်း လူရည်ချွန်အပန်းဖြေစခန်း (ချောင်းသာ)စခန်းမှူး၊ တိုင်းပညာရေးမှူး ဦးတိုးဝင်းတို့က လူရည်ချွန်စခန်း (ချောင်းသာ) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအား AZURA ဟိုတယ်ခန်းမအတွင်း၌ ကျင်းပရာ လူရည်ချွန် မောင်မယ်များက မြန်မာ့ကျောင်းသီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူရည်ချွန်ဆိုသည်မှာ ဗလငါးတန်ပြည့်စုံသည့် ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်ကြောင်း၊ နိုင်ငံတော်မှ လူငယ် ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအပန်းဖြေစခန်း ဖွင့်လှစ်ပေးခြင်းမှာ ဂုဏ်ထူး ဝိသေသနှင့် ပြည့်စုံသည့် လူငယ်များကို ချီးမြှောက်ခြင်းဖြစ်ကြောင်း၊ အပန်းဖြေရင်း နယ်မြေဒေသ ဗဟုသုတများကို လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ စိတ်လက်အပန်းပြေစေရန်အတွက် ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ဆောင်ရွက်ပေးထားကြောင်း၊ ဖြူစင်ဖြောင့်မတ်ခြင်း၊ မှန်ကန် ခြင်း၊ တည်ကြည်ခြင်းများဖြင့် ရှေ့သို့ဆက်လက် လျှောက်လှမ်းသွားနိုင်ပါစေကြောင်း၊ လူရည်ချွန်ဆို တာကတော့ စာပေနဲ့တင်မဟုတ်ဘူး ကျောင်းတွေမှာ ရွေးကြတယ်၊ ပြီးရင် မြို့နယ်/ခရိုင်တွေမှာ ရွေးလာရင်းနဲ့မှ အခုလိုလူရည်ချွန်တွေဖြစ်လာကြောင်း၊ ကျန်းမာကြံ့ခိုင်မှုစိတ်ဓာတ်တွေ၊ စည်းကမ်း တွေ၊ ပညာတွေ စာရိတ္တပိုင်းဆိုင်ရာကောင်းမွန်မှုတွေကို စနစ်တကျ သားတို့သမီးတို့ကို စီစစ်ပြီး ရွေးချယ်ခဲ့တာဖြစ်ကြောင်း၊ ဒါကြောင့်လဲ ထူးချွန်ထက်မြက်တဲ့ လူရည်ချွန်မောင်မယ်တွေအနေနဲ့ နိုင်ငံရဲ့အနာဂတ် ဖြစ်တယ်လို့ ရှေ့ပိုင်းမှာပြောထားပြီးဖြစ်ပါကြောင်း၊ ဒါကိုခံယူပြီးတော့မှ အခုချိန်မှာ အပန်းဖြေလူရည်ချွန်စခန်းကို ရောက်တဲ့အချိန်မှာ နယ်မြေဒေသ ဗဟုသုတတွေကို လေ့လာပါ သူငယ်ချင်းတွေ အပေါင်းအသင်းတွေနဲ့လဲ အများကြီးတွေ့မှာဖြစ်ပြီး တစ်ဖက်မှာလဲ ဗဟုသုတ၊ တစ်ဖက်မှာလဲ ပျော်ရွှင်မှုတွေနဲ့အတူ မီးပုံပွဲမှာ ဧရာဝတီတိုင်းရဲ့ စပ်ဆိုထားတဲ့ သီချင်းများနဲ့ပျော်ရွှင်ဖို့ စီမံလျက်ရှိပါကြောင်းနှင့် အားလုံးပျော်ရွှင်ချမ်းမြေ့စွာနဲ့ နိုင်ငံ့အနာဂတ်မှာပခုံးပြောင်း တာဝန်ထမ်း ဆောင်မယ့် လူကောင်းလူတော်တွေဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းဖြင့် အဖွင့်အမှာစကားအား နိဂုံးချုပ်ပြောကြားသည်။
ထို့နောက် လူရည်ချွန်အပန်းဖြေစခန်း (ချောင်းသာ) စခန်းမှူး၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းက လူရည်ချွန်စခန်း ဖွင့်လှစ်ထားရှိခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လူရည်ချွန်မောင်မယ်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးနှင့် တာဝန်ရှိသူများက ရင်ထိုးတံဆိပ်များ ချီးမြှင့်အပ်နှင်းပြီး၊ ဝန်ကြီးချုပ်က လူရည်ချွန် မောင်မယ်များထံသို့ ဂုဏ်ပြုချီးမြှင့်ငွေများကို၎င်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက လက်ဆောင်ပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။ ဆက်လက်၍ လူရည်ချွန်စခန်း (ချောင်းသာ) စခန်မှူးနှင့် လူရည်ချွန်ကြီးများက အမှတ်တရလက်ဆောင်များ လိုက်လံပေးအပ်ကာ အ-ထ-က (၆) ပုသိမ်မှ မမပုသိမ်သူ အကတို့ဖြင့် ဖျော်ဖြေပြီး လူရည်ချွန် မောင်မယ်များက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များ၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့်အတူ အမှတ် တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူး ခဲ့ကြပြီးနောက် ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ၂၀၂၃ ခုနှစ် လူရည်ချွန်စခန်း(ငွေဆောင်)တွင် ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ၏ လေ့လာရေးခရီးစဉ်မှတ်တမ်းဓာတ်ပုံများနှင့် အခြေခံပညာဦးစီးဌာန (အ.ထ.က) ချောင်းသာက ပြသထားသည့် ၂၀၂၄ ခုနှစ်၊ ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များ လူရည်ချွန်စခန်း(ချောင်းသာ)သို့ ရောက်ရှိရာတွင် ရင်းနှီး နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ချောင်းသာ (ပြန်/ဆက်)