လူရည်ချွန်မောင်မယ်များနှင့် လူရည်ချွန်ဟောင်းကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ငွေဆောင် ဧပြီ ၂၉

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ယမုံနာဦးဟိုတယ်ခန်းမတွင် ယမန်နေ့ နေ့လယ်(၁) နာရီခွဲက ငွေဆောင်လူရည်ချွန်စခန်း ရောက်ရှိနေသော (၂၀၂၄)ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များနှင့် လူရည်ချွန်ဟောင်းကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ လူရည်ချွန် (၁၉၆၄ - ၁၉၈၈) အဖွဲ့ဗဟိုမှ (၂၀၂၄) ခုနှစ် ၊ ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ စတင်ခဲ့ပြီး လူရည်ချွန်(၁၉၆၄ - ၁၉၈၈)အဖွဲ့ဗဟိုဥက္ကဋ္ဌ ၊ လေးထပ်ကွမ်းလူရည်ချွန်၊ ဆေးပညာပါမောက္ခ (ငြိမ်း) ဒေါက်တာတင့်တင့်ခြည်မှ အဖွင့်အမှာစကား ပြောကြားရာတွင်  လူရည်ချွန်ဖြစ်ရန် ကြိုးစားခဲ့ရပုံ၊ လူရည်ချွန်အဖွဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် လူရည်ချွန်မောင်မယ်များအား လူတော်၊ လူကောင်းများဖြစ်စေရေး ဆက်လက်ကြိုးစားကြရန် ပြောကြားခဲ့ပြီး လူရည်ချွန် (၁၉၆၄ - ၁၉၈၈) အဖွဲ့ဗဟိုစာရင်းစစ်၊ (၃)ထပ်ကွမ်းလူရည်ချွန် ၊ ကလေးအထူးကုဆရာဝန်ကြီး၊ ဒေါက်တာမြင့်မြင့်သိန်းမှ မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။

ထို့နောက် လူရည်ချွန်မောင်မယ်များနှင့် လူရည်ချွန်ဟောင်းကြီးများမှ လူရည်ချွန်သီချင်းအား သံပြိုင်သီဆိုခဲ့ကြကာ  လူရည်ချွန်( ၁၉၆၄ - ၁၉၈၈) အဖွဲ့မှ (၂) ထပ်ကွမ်းလူရည်ချွန် ၊ လျှပ်စစ်အင်ဂျင်နီယာ(ရန်ကုန်) မှ ဒေါ်ရီရီအေးနှင့် (၁၉၈၅) လူရည်ချွန်၊ အထက်တန်းပြဆရာမ ဒေါ်စိုးစိုးမွန်တို့မှ မိတ်ဆက်စကား အသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် လူရည်ချွန်မောင်မယ်များနှင့် လူရည်ချွန်ဟောင်းကြီးများ ပြန်လှန်ဆွေးနွေးမေးမြန်းခဲ့ကြပြီး လူရည်ချွန်( ၁၉၆၄ - ၁၉၈၈) အဖွဲ့မှ ဦးတင်အောင်( စာရေးဆရာ - ခြိမ့်သဲ) မှ ကဗျာရသ, စာရသ ခေါင်းစဥ်ဖြင့် ဘဝအတွေ့အကြုံ ဖြတ်သန်းခဲ့ရပုံကို  ဟောပြောကာ အခမ်းအနားအစီအစဥ် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး ( ပြန် / ဆက်)