မြောင်းမြ ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ကညင်ချောင်းကျေးရွာ မြစိမ်းရောင်တောင်တော်သာသနာ့နယ်မြေ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ အလုပ်အမှုဆောင်အဖွဲ့က ကြီးမှူး၍ ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်နှင့် ဘေးဒုက္ခကျရောက်နေသူများကို ကူညီပေးနိုင်ရန် ရည်ရွယ်၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၄) ကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြမြို့နယ်ကြက်ခြေနီအသင်းခွဲ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတွင်ပါဝင်သော ကညင်ချောင်း၊ ကုန်းသာ၊ စဉ့်ကူးကျေးရွာအုပ်စု (၃) အုပ်စုမှ ကိုယ်စားလှယ်များအား ကြက်ခြေနီလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ သင်တန်းတွင် ရှေးဦးပြုစုခြင်း ကြက်ခြေနီအဓိပ္ပာယ်၊ ကြက်ခြေနီအသိပညာပြန့်ပွားရေး၊ CPR အသက်ကယ် အထောက်အကူပြုစုနည်းနှင့် သူနာသယ်ဆောင်နည်းများအား သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို နည်းပြ (၄) ဦးတို့က သင်တန်းသား၊ သင်တန်းသူ (၃၆) ဦးတို့အား ဧပြီလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့ အထိ (၃) ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)