အင်းတော် ဧပြီ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံးနှင့် အင်းတော်မြို့ ပန်းအလှဝါသနာရှင်များ ပူးပေါင်းဖွင့်လှစ်သော ပန်းအလှထိုးနည်း သင်တန်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းတော်မြို့နယ်ရုံးတွင် ကျင်းပခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့နွေရာသီအားလပ်ရက်များတွင် လူငယ်များ အနေနှင့် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ မိမိတို့ ဝါသနာပါရာ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နိုင်ရေး၊ လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်၍ ယခုကဲ့သို့နွေရာသီ အားလပ်ရက်တွင်အခမဲ့ သင်တန်းများကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ လာမည့် မေလတွင်လည်း လက်မှု အနုပညာရပ်တစ်မျိုးဖြစ်သည့် ချည်ထိုး၊ ပန်းထိုး အခမဲ့သင်တန်းကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးကျော်သီဟက ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ သင်တန်းနည်းပြ ဒေါ်သိင်္ဂီထွန်းက သင်တန်းအတွေ့အကြုံများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်း သူ/သင်တန်းသားများကိုယ်စား သင်တန်းသူ ဒေါ်အိအိဆွေက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ၎င်းနောက် ပန်းအလှထိုးနည်းသင်တန်းတွင် အကောင်းဆုံး ပန်းအလှဖန်တီးနိုင်သူ သင်တန်းသား ဦးလွင်အောင်ဖြိုးအား ဂုဏ်ပြုပန်းစည်းကို သင်တန်းနည်းပြ ဒေါ်သိင်္ဂီထွန်းကလည်းကောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်မြင့်နိုင်နှင့် အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအာကာကျော်တို့က သင်တန်းနည်းပြများ ဖြစ်ကြသော ဒေါ်သိင်္ဂီထွန်းနှင့် ဦးမြင့်ဇော် တို့အား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ သင်တန်းသူ/သင်တန်းသားများက မြို့နယ်ဦးစီးအရာရှိနှင့် သင်တန်း နည်းပြများကို ဂါရဝပြုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။ ယင်းသင်တန်းသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ( ၂၃ ) ရက်နေ့မှ ဧပြီလ ( ၂၇ ) ရက်နေ့အထိ ၅ ရက် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား/ သင်တန်းသူ ( ၂၃ ) ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။
ကျော်သီဟ