မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်သန့်ရှင်းသာယာလှပစေရေး  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှု၊ ကင်းထောက်မောင်မယ်များနှင့်တွေ့ဆုံ၊ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး

မကွေး ဧပြီ  ၂၇

မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊  ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မကွေးတက္ကသိုလ်၌ ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကွဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက သွားရောက်၍ ကြည့်ရှုအားပေးသည်။

ထို့သို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အမျိုးသမီးရေးရာ/မိခင်နှင့်ကလေး အသင်းအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အဆင့်မြင့်နှင့် အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု ကူညီရေးအဖွဲ့အစည်းများစုပေါင်း၍ မကွေးတက္ကသိုလ်အတွင်းရှိ မြက်၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ သစ်ကိုင်း၊ သစ်ပင်များ ခုတ်ထွင်ဖယ်ရှား ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်း အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်း၊ အမှိုက်ကားများဖြင့် စနစ်တကျသိမ်းဆည်းစွန့်ပစ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အလားတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို စုစုပေါင်းအင်အား (၁၈၀၀)ကျော်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကင်းထောက်မောင်မယ်များနှင့်တွေ့ဆုံပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဩဝါဒစကားပြောကြားရာတွင် လူငယ်မောင်မယ်များအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝပြီး ဘက်စုံဖွံဖြိုးတိုးတက်ရန် ပညာရယူနိုင်သည့် နည်းလမ်းများရယူကာ ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းစသည်ဖြင့်ပြောကြားပြီး ကင်းထောက်မောင်မယ်များအတွက် ဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကန်ပြား(အရှေ့)ကျေးရွာရှိ ယသဇေယျာရုံ ကျောင်းတိုက်တွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများနှင့် အချိုရည်များ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)