ရွှေတောင် ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး မွေးမြူရေး ကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက စက်မှု၊ စိုက်ပျိုးရေး မွေးမြူရေးအထက်တန်းကျောင်း၏ သင်ယူမှုဆိုင်ရာ အခွင့်အလမ်းများအားအသိပညာပေး ဆွေးနွေးဟောပြောပွဲကို ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး မွေးမြူရေးကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းက Grade-9 အောင်မြင်သော ကျောင်းသား ကျောင်းသူများအား စက်မှု၊ စိုက်ပျိုး မွေးမြူရေးကျောင်းသို့ တက်ရောက်သင်ကြားခြင်းဖြင့် ရရှိလာမည့် အကျိုးဆက်များ၊ အခွင့်အလမ်းများကို ပြောကြားခဲ့သည်။ ဆက်လက်၍ ရွှေတောင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မွေးမြူရေးသင်တန်းဆိုင်ရာ ကိစ္စရပ်များနှင့် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်ကိစ္စရပ်များကို အသီးသီးပြောကြားပြီး အဆိုပါ သင်တန်းကျောင်းများမှ ခေတ်မီဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ တစ်နိုင်ငံလုံးသို့ ပြန့်ပွားစေပြီးနိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုနိုင်စေရန်၊ အဆင့်မြင့်ပညာ ဆက်လက်မသင်ကြားနိုင်သော ကျောင်းသား / ကျောင်းသူများအတွက် အသက်မွေးဝမ်းကျောင်းပညာအဖြစ် လမ်းသွယ်များ ဖွင့်လှစ်သင်ကြား ပေးရန်၊ အစိုးရနှင့် ပုဂ္ဂလိက စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စိုက်ပျိုး - မွေးမြူရေးကျွမ်းကျင်လုပ်သားများ (Skilled Workers) ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
စက်မှု၊ စိုက်ပျိုးရေး မွေးမြူရေးအထက်တန်း ကျောင်း၏ သင်ယူမှုဆိုင်ရာ အခွင့်အလမ်းများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲ အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ရွှေတောင်မြို့နယ်အတွင်းရှိ အ.လ.က၊ အ.ထ.က-ခွဲနှင့် အထက်တန်းကျောင်းများတွင်လည်း အလားတူသင်ယူမှုဆိုင်ရာ အခွင့်အလမ်းများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲများကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)