ပွင့်ဖြူမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပွင့်ဖြူ      ဧပြီ      ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ဧပြီ ၂၆ ရက် ၊ ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အဟန့်အတားတစ်ခုဖြစ်စေ၍ ကိုယ်ကျင့်တရား ထိခိုက်ပျက်ယွင်းမှုကို ဖြစ်စေပါကြောင်း ၊ တစ်နည်းအားဖြင့် အဂတိလိုက်စားခြင်းသည် အကျိုးအမြတ်ကို တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုတစ်ခုပင်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တပျက်စီးခြင်း၊ မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်များ လျော့နည်းလာခြင်း၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာခြင်းကို ဖြစ်စေသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာထိခိုက်နစ်နာမှုဖြစ်စေပါကြောင်း ၊ ထို့ကြောင့် လူတစ်ဦးချင်းစီတိုင်း အဂတိတရား(၄)ပါးကင်းရှင်းပြီး ကောင်းမွန်သော နိုင်ငံ့ဝန်ထမ်းများ/ လူပုဂ္ဂိုလ်များ ဖြစ်လာစေရန် ယခုကဲ့သို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို စီစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ၊ ဆွေးနွေးပွဲမှ ရရှိလာသည့် အသိပညာဗဟုသုတများကို ကိုယ်တိုင် သိရှိနားလည်ကာ မိမိမှတစ်ဆင့် မိမိတို့ပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ထပ်ဆင့်မျှဝေကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင် ပွင့်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်ဌေးက အဂတိလိုက်စားမှုကျူးလွန်ပါက အရေးယူခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း ၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်နော်အယ်နီးထားစိုးက အဂတိလိုက်စားမှု မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် ကျူးလွန်ပါက အရေးယူခံရမည့် လုပ်ထုံးလုပ်နည်း၊ ဥပဒေနည်းဥပဒေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ အဂတိတရားကင်းရှင်းရေး လိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း၊ မြို့နယ်စာရင်းစစ်အရာရှိ ဒေါ်ခင်ဌေးစီက ဌာနဆိုင်ရာလုပ်ငန်းများ၏ ခွင့်ပြုရန်ပုံငွေဖြင့် အသုံးစရိတ်များအပေါ်  စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အဂတိတရား(၄)ပါး ကင်းရှင်းရေး လိုက်နာရန်အချက်များကိုလည်းကောင်း ၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ဇာလီဖြိုးက နိုင်ငံတော်အခွန်ထမ်းဆောင်သည့် လုပ်ငန်းရှင်များအနေဖြင့် အခွန်ဘဏ္ဍာငွေ ကောက်ခံမှုအပေါ် အဂတိတရားကင်းစွာဖြင့် ဆောင်ရွက်ရန်အချက်များကိုလည်းကောင်း    အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )