ဖရူဆိုမြို့နယ်တွင် အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်

ဖရူဆို  နိုဝင်ဘာ ၆

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင် ဆန္ဒမဲ လာရောက်မပေးနိုင်သော အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအား ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံ စောင့်ကြည့်ရေး အဖွဲ့ဝင်များက မဲရုံသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးရန် အခက်အခဲရှိနေသည့် အသက်(၆၀)နှစ် အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူမဲဆန္ဒရှင်များအား မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲကျင်းပမည့် မဲရုံပေါင်း (၃၇)ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၉၉၅၃)ဦး နှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၁၁၃)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

တောရယ်(ပြန်/ဆက်)