အုတ်တွင်း ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်မျိုးက ဘတ်ဂျက်နှစ် တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းများအပြင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်များ၊ လုပ်ငန်းလိုအပ်ချက်များကို ပွင့်လင်း မြင်သာစွာ ညှိနှိုင်းဆွေးနွေးနိုင်စေရန် စီမံကိန်းလုပ်ငန်းကျေးရွာများမှ အမှန်တကယ် ပါဝင်ဆောင်ရွက်နေသူများ အားလုံးပါဝင်သော လုပ်ငန်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်က လုပ်ငန်းလိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လျာထားလုပ်ငန်းများအား ဆွေးနွေးမှာကြားသည်။
ထို့နောက် စံပြဆုရရှိသည့် လေးအိမ်စုကျေးရွာမှ စီမံကိန်းကော်မတီဝင်များအား ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသန့်ဇင်မျိုး က ဆုများပေးအပ် ချီးမြှင့်ပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ယင်းနောက် ဒုတိယပိုင်း အခမ်းအနား အစီအစဉ်ကို ဆက်လက်ကျင်းပရာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်း ဖွင့်လှစ်ခဲ့သည့် ကျေးရွာများ၊ ဆိုလာရေတင်စနစ် ဆောင်ရွက်နေသည့် ကျေးရွာများ၊ VDP လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ကျေးရွာများ အစရှိသည့် ကျေးရွာများမှ စီမံကိန်းကော်မတီဝင်များအား အစုအဖွဲ့အလိုက် ဖွဲ့စည်းစေ၍ အဆိုပါ အစုအဖွဲ့အလိုက် Exit Strategy အရ ကိုယ်ထူကိုယ်ထ ဆောင်ရွက်နိုင်သော ကျေးရွာများကို မြို့နယ်အဆင့် သက်ဆိုင်သူအားလုံး ပူးပေါင်း ပါဝင်သည့် သုံးသပ်ဆွေးနွေးပွဲတွင် ရွေးချယ်ရန်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် သက်ဆိုင်သူ အားလုံးပူးပေါင်းပါဝင်သည့် ဆွေးနွေးပွဲမှ အတည်ပြုရန် ကိစ္စ၊ ပုံစံ(၇-ခ)ဖြင့် ဆပ်/ထုတ်/ချေး စနစ်ဆောင်ရွက်ရာတွင် ပူးတွဲအထောက်အထားများ ပြည့်စုံ မှန်ကန်စေရေး အစရှိသည့် လုပ်ငန်းဆိုင်ရာများကို မြို့နယ်ဦးစီးမှူးမှ ဦးဆောင်၍ အစုအဖွဲ့အလိုက် သုံးသပ်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)