တနင်္သာရီ ဧပြီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၏ (၂၀၂၄-၂၀၂၅) ခု၊ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ဦးတည်ချက်များနှင့်အညီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် သက်ဆိုင်ရာဌာနဆိုင်ရာများအား ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက ယခုဘဏ္ဍာနှစ်အတွင်း ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ခြင်းခံရသည့် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး အဖွင့်အမှာ စကားပြောကြားပေးသည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းရီက ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးသည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ထူးက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တော်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်စားရင်းစစ်ရုံး၊ မီးသတ်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်ဥပဒေရုံး စသည့်ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ တာဝန်ခံများအား (၂၀၂၄-၂၀၂၅) ခု၊ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို ပေးအပ်ပေးကြောင်း သိရှိရသည်။
ယင်းနောက် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများက မြို့နယ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်ကို ပြန်လည်ရှင်းလင်းတင်ပြကြပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)