ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲပြုလုပ်

ပဲခူး ဧပြီ ၂၇

ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊  စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်နှင့်အညီ တိုင်းဒေသကြီးအတွင်း သာယာဝပြောရေး၊ စာရေရိက္ခာဖူလုံရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းများအား ရေးဆွဲအတည်ပြုပြီး၍ တာဝန်ပေးအပ်ခြင်းကို သာမန်လုပ်ရိုးလုပ်စဉ် သဘောမထားဘဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားလေးနက်သည့် လုပ်ငန်းတာဝန်များအဖြစ် ခံယူဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စီမံကိန်းပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စောင့်ကြည့်သုံးသပ်ခြင်းနှင့် ချင့်ချိန်ဆုံးဖြတ်တို့ဖြင့် လျာထားချက်အတိုင်း အောင်မြင်အောင် အကောင်အထည်ဖော်ဆေင်ရွက်သွားရန်လိုအပ်ပြီး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျသုံးစွဲနိုင်ရေး အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အကန့်အသတ်ဖြင့်ရရှိသည့် နိုင်ငံတော်ဘဏ္ဍာငွေအား ထိထိရောက်ရောက် အကျိုးရှိစွာသုံးစွဲနိုင်ရေး လွန်စွာအရေးကြီးပြီး ဆောင်ရွက်သည့်လုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ လုပ်ငန်းပမာဏနှင့်ညီမျှသည့် ဘဏ္ဍာငွေကြေးသုံးစွဲမှုဖြစ်စေရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခင်ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များကိုသုံးသပ်ပြီး ကြိုတင်ပြင်ဆင်ရမည့်ကိစ္စရပ်များကို စိစစ်သုံးသပ်၍ တိုင်းဒေသကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုကြိုးစားအားထုတ်လုပ် ဆောင်သွားကြရန် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသန္တရစီမံကိန်းရည်မှန်းချက်တွင်ပါဝင်သော လယ်ယာကဏ္ဍကြီးအတွက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးအားလည်းကောင်း၊ စက်မှုကဏ္ဍကြီးအတွက် တိုင်းဒေသကြီးစက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးမှူးအားလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီးအတွက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးအားလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရည်မှန်းချက်များအား ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပြည်၊ နတ်တလင်းနှင့် သာယာဝတီတို့မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများအား ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့ကာ ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်များကို လျာထားချက် ပြည့်မီကျော်လွန်ပြီး လက်တွေ့အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ အားလုံးက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတွင် တိုးတက်မှုနှုန်းအနေဖြင့် ပုံမှန်ဈေးနှုန်းအရ လယ်ယာကဏ္ဍကြီးတွင် ၂၉ ဒဿမ ၈ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၃၀ ဒဿမ ၈ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၃၉ ဒဿမ ၄ ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်းထားကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းရည်မှန်းချက်များအပေါ် ၅.၅ တိုးတက်အောင် ရည်မှန်းထားသော်လည်း ဘဏ္ဍာနှစ်ကုန်တွင် ၇.၃ ရာခိုင်နှုန်းအထိ တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)