တမူး ဧပြီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ် (၂၇) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား/ သူ (၈၄) ဦး၊ အလယ်တန်းအဆင့်ကျောင်းသား/ ကျောင်းသူ (၂၈)ဦး၊ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၁၂) ဦး စုစုပေါင်းကျောင်းသား/ ကျောင်းသူ (၁၂၄) ဦးတို့မှ မူးယစ်ရန်စွယ်အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြ၊ မူးယစ်ဆေးဝါး ကာကွယ်ရေး အသိပညာမြှင့်တင်ပေး၊ မူးယစ်အဆိပ်ငွေ့ကင်းစင်မှ တိုးပွားရှင်သန်မျိုးဗီဇ၊ ဉာဏ်ရည်လည်းရှုံး လူညွန့်တုံးစည်းလုံးတိုက်ပစ် ထိုမူးယစ်၊ လူဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူကူညီစို့၊ မူးယစ်ကင်းကွာပပျောက်ဖို့ လူကြီးလူငယ် လက်တွဲစို့၊ ခွဲခြားနှိမ့်ချကင်းစင်ဝေး ကာကွယ်ရေးကို အလေးပေး လူသားအားလုံး ကျန်းမာရေး စသည့်ခေါင်းစဥ်များဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိကြသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများ ပါဝင်ယှဥ်ပြိုင်နေမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခတ္တဥက္ကဋ္ဌ ဦးသိုက်ထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဇော်မင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၇)မှတပ်ဖွဲ့စုမှူး ရဲမှူးစိုးပိုင်၊ မြို့နယ်ပညာရေးမှူးတို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရတနာ