ကျွန်းစုမြို့တွင် လူငယ်ကဏ္ဍ‌ဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးသင်တန်း healthy life style သင်ကြားမှုများဆောင်ရွက်

ကျွန်းစု ဧပြီ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျန်းမာရေးနှင့်ညီညွှတ်သော လူ‌နေမှုပုံစံဖြင့် ပြုမှု၊ နေထိုင်၊ စားသောက်တတ်စေရန်ရည်ရွယ်၍ လူငယ်ကဏ္ဍ‌ဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးသင်တန်းကို ယမန်‌နေ့ညနေ (၂) နာရီအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၉၀) ဦးအား ကျန်းမာရေးနှင့်ညီညွှတ်သော လူ‌နေမှုပုံစံဖြင့် ပြုမူ၊ နေထိုင်၊ စားသောက်နည်း ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း သင်ရိုးများကို PowerPoint ဖြင့် ချပြရှင်းလင်းသင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းကို ဧပြီလ (၂၅) ရက်နေ့မှ မေလ (၂၃) ရက်နေ့အထိ တစ်ရက်လျှင် သင်ကြားချိန် ၂ နာရီဖြင့်  ၁ ပတ်လျှင် ၅ ရက်နှုန်းနှင့် (၄) ပတ်တာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းနည်းပြများအဖြစ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ဦးစီးဆောင်ရွက်မှုဖြင့် အသက် ၆ နှစ်မှ ၁၃ နှစ်၊ အသက် ၁၃ နှစ်မှ ၁၅ နှစ်၊ အသက် ၁၅ နှစ်အထက်ဟူ၍ အုပ်စုခွဲ၍ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)