ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုများကို ကြည့်ရှုအားပေး၊ ဇလွန်မြို့နယ်၊ ပြင်ရွာကျေးရွာအုပ်စုတွင် ‌နွေစပါးစံကွက်ရိတ်သိမ်းနေမှုအားကြည့်ရှုအားပေး

ပုသိမ်      ဧပြီ       ၂၇

ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်ဝိုင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယခုလ(၂၄)ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့နယ်အတွင်းရှိ စာသင်ဝိုင်းများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်း(ကွမ်းခြံ) စာသင်ဝိုင်းသို့လည်းကောင်း၊ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း(ပုဂံ) စာသင်ဝိုင်းသို့လည်းကောင်း၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း(တံတားကြီးတန်း) စာသင်ဝိုင်းသို့လည်းကောင်း၊ ကိုးဆူကျေးရွာအခြေခံပညာအလယ်တန်းတန်းကျောင်း စာသင်ဝိုင်းသို့လည်းကောင်း၊ အမှတ်(၂၁၁)ပျဥ်းကတိုးကုန်းကျေးရွာ အခြေခံပညာမူလတန်းတန်းကျောင်း စာသင်ဝိုင်းသို့လည်းကောင်း၊ ပေါက်ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းတန်းကျောင်းခွဲ စာသင်ဝိုင်းသို့လည်းကောင်းသွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသား ပြည်သူများအား သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအတွက် လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယခုလ(၂၅)ရက်နေ့နံနက်ပိုင်းတွင်  တာဝန်ရှိသူများနှင့်အတူ ဇလွန်မြို့နယ်၊ ပြင်ရွာကျေးရွာအုပ်စုတွင် ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ပြင်ရွာကျေးရွာအုပ်စုရှိ တောင်သူဦးသောင်းကြည်၏ ​စပါးမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါး စိုက်ဧက(၅)ဧကတွင် မှော်ဘီ-၃ မျိုးစပါး စံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါတောင်သူ၏ နွေစပါးစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် စပါးအ​ခြောက်(၂၂၂.၆)တင်းနှုန်း ထွက်ရှိခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ဥရှစ်ကွင်းကျေးရွာ အခြေခံပညာမူတန်းကျောင်းသို့ သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသား ပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)