ဘုတ်ပြင်းမြို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာစာသင်ဝိုင်းများတွင် ဆက်လက်သင်ကြား

ဘုတ်ပြင်း ဧပြီ ၂၆

ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ တိုင်းဒေသကြီး/ပြည်နယ် အစိုးအရအဖွဲ့များ ပူးပေါင်းကာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ရသူများနှင့် စာမတတ်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးနှင့် လူမှုဘဝမြင့်မားစေရေး ရည်ရွယ်၍  ရပ်ရွာလူမှုအခြေပြု၊ လုပ်ငန်းခွင်အခြေပြု၊ မိသားစုအခြေပြုပုံစံ စာသင်ဝိုင်းများဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ စာသင်ဝိုင်းများတွင် ဆက်လက်စာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းခရိုင်အတွင်းတွင် စာသင်သား(၂၀၀)ဦးကို စာသင်ဝိုင်း(၁၅ )ဝိုင်း နည်းပြ(၁၅)ဦး၊ ကြီးကြပ်(၂)ဦးတို့ဖြင့် သင်ကြားလျက်ရှိကြောင်း သိရသည်။ အဆိုပါစာသင်ကြားခြင်းလုပ်ငန်းကို ဧပြီလ(၆) ရက်နေ့မှစတင်၍ မေလ(၁၅)ရက်နေ့အထိ သက်ဆိုင်ရာ စာသင်ဝိုင်းများ၏ သတ်မှတ်စာသင်ချိန်များတွင်  စုစုပေါင်းနာရီ(၁၂၀)ကြာ သင်ကြားပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ကျေးလက်‌နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်းများကို ဖွင့်လှစ်သင်ကြားပေးရာတွင် အသက်(၁၅)နှစ်အထက် လူငယ်နှင့်သက်ကြီးပိုင်းအရွယ် စာမတတ်သူများ အရေးအဖတ်ပညာသင်ကြားခြင်းနှင့်အတူ  စာသင်သားများအတွက် လူမှုဘဝမြင့်မားစေရေး အသိပညာ ဖြန့်ဝေမှုအစီအစဉ်အနေဖြင့် သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ဘုတ်ပြင်း(ပြန်/ဆက်)