နွေရာသီရေရှားပါးသည့် ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေများ ပေးဝေလှူဒါန်း၊ ယာယီပြောင်းရွှေ့နေထိုင်သူများအား ဆန်ရိက္ခာများထောက်ပံ့

ဘားအံ ဧပြီ ၂၆

နွေရာသီနေ့အပူချိန်များ မြင့်တက်လာသည်နှင့်အမျှ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအချို့တွင် ရေရှားပါးလာပြီး သောက်ရေ၊ သုံးရေအတွက် အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့လာရသဖြင့် ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေများ ပေးဝေလှူဒါန်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့လှိုက်ကျေးရွာ၌ သောက်သုံးရေများ ပေးဝေလှူဒါန်းနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့လှိုက်ကျေးရွာနေ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဂါလံ (၁၆၀၀) ဆံ့ရေသယ်ယာဉ် (၆) စီးဖြင့် သောက်သုံးရေများ ပေးဝေလှူဒါန်းနေမှုကို ကြည့်ရှုအားပေးရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက နွေရာသီသောက်သုံးရေပေးဝေလှူဒါန်းနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီကာလတွင် ရပ်ကွက်/ ကျေးရွာအချို့၌ ရေရှားပါးမှု၊ သောက်သုံးရေမလုံလောက်မှု စသည့်ပြဿနာများကို နှစ်စဉ်ကြုံတွေ့ရလေ့ရှိရာ သောက်သုံးရေဖြန့်ဝေခြင်းကဲ့သို့ လတ်တလောဆောင်ရွက်ရသည့် အစီအစဉ်များသာမက ကျေးရွာများ၏ ရေရှားပါးရခြင်း အဓိကအကြောင်းအရင်းများကို ဖော်ထုတ်၍ ဖြေရှင်းနိုင်မည့် ကာလတို၊ ကာလလတ် အစီအမံများကို ရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။

ယနေ့ ကော့လှိုက်ကျေးရွာတွင် စုစုပေါင်းရေဂါလံ (၉၆၀၀) ကျော်ကို ပေးဝေလှူဒါန်းခဲ့ပြီး သတ္တမအကြိမ်မြောက် ပေးဝေလှူဒါန်းခြင်းဖြစ်ကာ ရေရှားပါးသော ကျေးရွာတစ်ရွာလျှင် ရက်သတ္တပတ်တစ်ပတ် နှစ်ကြိမ်နှုန်းဖြင့် ပေးဝေလှူဒါန်းလျက်ရှိကြောင်းနှင့် သောက်သုံးရေရှားပါးသော ရပ်ကွက်ကျေးရွာများအနေဖြင့်လည်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သိရသည်။

ယင်းနောက် ကရင်ပြည်နယ်အတွင်း နေရာဒေသအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှု အားနည်းသည့်အတွက် ဘားအံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ နီးစပ်ရာဆွေမျိုးများနေအိမ်နှင့် ဘာသာရေးအဆောက်အဦများတွင် ယာယီပြောင်းရွှေ့နေထိုင်သူများအား  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့သည့် အခမ်းအနားကို တော်ပုံကျေးရွာ၊ လုမ္ဗိနီဥယျာဉ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ ရှေ့၌ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယာယီပြောင်းရွှေ့နေထိုင်သူများအနေဖြင့် ယာယီနေထိုင် သည့်ကာလအတွင်း တစ်ဦးနှင့်တစ်ဦး စည်းစည်းလုံးလုံး နေထိုင်ကြရန်၊ ရာသီဥတုပူပြင်းသည့် ကာလဖြစ်သည့်အတွက် ကျန်းမာရေးဂရုစိုက်ကြရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုကြရန်၊ စည်းကမ်းနှင့်အညီ နေထိုင်ကြစေလိုပြီး တာဝန်ရှိသူများ၏ ပြောဆိုဆုံးမမှုများကိုနာခံ၍ ဆရာတော်ကြီးများနှင့် သက်ကြီးရွယ်အိုများ၏ ဆုံးမဩဝါဒနှင့်အညီ နေထိုင်ကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက တရုတ်လှ(ကော့ကျိုက်)၊ ဝင်းကျန်၊ ဖအွံ၊ နောင်ထလုံး၊ ရွှေတော၊ တော်ပုံ၊ ရဲသာ၊ ကော့ထမ္မလိန်း ကျေးရွာအုပ်စုများမှ ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု ၂၂၃ စု၊လူဦးရေ (၈၆၈)ဦးအတွက် အမျိုးသားသဘာဝအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် ဆန်အိတ် (၆၀၉) အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ရာ ယာယီပြောင်းရွှေ့နေထိုင်သူများ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကျန်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စုများမှ ယာယီပြောင်းရွှေ့နေထိုင်သူများအား ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။

ယာယီပြောင်းရွှေ့နေထိုင်သူများ  စားဝတ်နေရေးကိစ္စရပ်များ အဆင်ပြေစေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့က အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၁)လီတာ၊ ခေါက်ဆွဲခြောက်(၁၀)ထုပ်နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု ၅၉၂၈ စု၊ လူဦးရေ ၂၃၆၂၄ ဦးတို့အား ဆန် ၁၉၇၆ အိတ်၊ ဆီ ၅၉၂၈ လီတာ၊ ခေါက်ဆွဲခြောက် ၇၆၂ ဖာကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသသို့ ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၁၅၃၉ စု၊ လူဦးရေ (၆၈၅၇) ဦးတို့အား တစ်ဦးလျှင် ဆန်(၂)ဗူးနှုန်းဖြင့် ၃ လစာအတွက် စုစုပေါင်းဆန် ၆၄၂၈ အိတ်တို့ကိုလည်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)