ကသာမြို့တွင် ဒေသထွက်ကုန် ရာသီသီးနှံ ပိုးဇာသီးစိုက်ပျိုးရောင်းချမှုဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကသာ ဧပြီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် လူကြိုက်များသည့် ဒေသထွက်ကုန် ရာသီသီးနှံပိုးဇာသီး စိုက်ပျိုး၍ ကျန်တောရပ်ကွက်၌ တစ်ပိုင်တစ်နိုင် စီးပွားဖြစ်ရောင်းချမှုဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

 ပိုးဇာသီးပင်သည် သက်တမ်းအားဖြင့် (၅)နှစ်ရှိပြီး နှစ်တိုသီးနှံပင်တစ်မျိုးဖြစ်၍ စတင်စိုက်ပျိုးချိန်မှ(၂)နှစ်ခန့်အကြာတွင် အသီးစတင်သီးသည်။ ဖေဖော်ဝါရီလဆန်းပိုင်းတွင် အရွက်နု၊ အညွန့်များစထွက်ပြီး အသီးလိုက်လာကာ ဖေဖော်ဝါရီလကုန်ပိုင်းမှ ဧပြီလကုန်ပိုင်းအထိ သီးလေ့ရှိသည့်အပင်မျိုးဖြစ်သည်။ အသီးကုန်သွားပါက အပင်ကိုင်းများအားလုံး ခုတ်ပစ်ရပြီး ခုတ်ထားသည့်ကိုင်းရင်းများကို ပြန်လည်စိုက်ပျိုးနိုင်သည်။ အပင်စိုက်ပျိုးရာတွင် မြေဆွေးများ၊ မြေဩဇာများထည့်၍ စိုက်ပျိုးရပြီး ရေကြိုက်ပင်ဖြစ်သည့်အတွက် ရေပုံမှန်လောင်းပေးရသည့် အပင်မျိုးဖြစ်ပါသည်။

ပိုးဇာသီးမှည့်၍ ဆွတ်ခူးရောင်းချရာတွင် ပေါ်စအချိန်၌ နို့ဆီဗူး(၁)ဗူးလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ရောင်းရပြီး ဖောက်သည်ဈေးအနေဖြင့် တစ်ပြည်ကို (၃၀၀၀)ကျပ်နှုန်း ရောင်းချရပါသည်။ ပိုးဇာသီးလှိုင်လှိုင်ပေါ်သော မတ်လတွင် နို့ဆီဗူး(၂)ဗူးကို (၅၀၀)ကျပ်နှုန်း ရောင်းချရသည်။ စိုက်ပျိုးသူများအနေဖြင့် ပိုးဇာသီးတစ်ရက် ရောင်းရငွေမှာ ကျပ်လေးသောင်းမှ ငါးသောင်းအတွင်းရရှိပြီး တစ်ရာသီဝင်ငွေအနေဖြင့် ကျပ်(၁၀)သိန်းကျော် ရရှိကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ပို၍တိုးစိုက်ရာမှ အထွက်နှုန်းတိုးလာသလို မိသားစုအပိုဝင်ငွေ တိုးလာပါကြောင်း ပိုးဇာသီးစိုက်ပျိုးသူ ဒေါ်တင်လှက ပြောသည်။

အဆိုပါ ပိုးဇာသီးကို အသီးအတိုင်း စားသုံးကြသကဲ့သို့ ဖျော်ရည်အဖြစ်ပိုမိုနှစ်ချိုက်စွာသုံးစွဲကြပါသည်။ ပိုဇာသီးဖျော်ရည်သည် သွေးကြောများကို သန့်ရှင်းစေပြီး နှလုံးသွေးကြောကျဉ်းခြင်းတို့အတွက် အထူးကောင်းမွန်သဖြင့် သဘာဝဓာတ်စာအဖြစ်ဒေသခံများ အထူးကြိုက်နှစ်သက်သည့် ဒေသထွက်ကုန် ရာသီသီးနှံဖြစ်ကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)