မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲတက်ရောက်ပြီး အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး

မကွေး ဧပြီ ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီခွဲက တိုင်းဒေသကြီးအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ် အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်း‌ဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်က “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည် ခေါင်းစဉ်ဖြင့်” လူငယ်များအား အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က လူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရေး အလေးထားကြိုးစားသွားကြစေလိုကြောင်း၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ၊ စိတ်ပါဝင်စားသည့် အားကစားနည်းအား ဝိရိယစိုက်ထုတ်၍ သင်ယူသွားကြစေလိုကြောင်းနှင့် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့်လည်း ထူးချွန်ထက်မြက်သော တိုင်းဒေသကြီးတွင် သာမကဘဲ နိုင်ငံဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ဆက်လက်လေ့လာကြိုးစား သင်ယူကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်သည် မကွေးတက္ကသိုလ်သို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအား  နွေရာသီအားလပ်ရက် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးရာ သင်တန်းနည်းပြများက ကွန်ပျူတာသင်တန်း သင်ကြားနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး  လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အခြေခံကွန်ပျူတာသင်တန်းတွင် မကွေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးကို  ဧပြီလ (၂၂)ရက်နေ့မှ မေလ (၂၁)ရက်နေ့အထိ တစ်လကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။