လှိုင်းဘွဲမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

လှိုင်းဘွဲ  ဧပြီ ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက  အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊မတ်လ ၂၉ ရက်နေ့တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥပဒေအမှတ် (၂၆/၂၀၂၄)ဖြင့် အတည်ပြုခဲ့သည့် ကရင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊  ဒေသန္တရစီမံကိန်း   ဥပဒေပါကဏ္ဍအလိုက်ရည်မှန်းချက်များ၊ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းများနှင့် ရင်းနှီးမြုပ်နှံမှုလျာထားချက်များကို မြို့နယ်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာများ အား တာဝန်ပေးအပ်သွားမည်ဖြစ်ပြီး လှိုင်းဘွဲမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး ဘက်ပေါင်းစုံမှ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ကဏ္ဍ အလိုက်နှင့် နယ်ပယ်အလိုက် လုပ်ငန်းများအောင်မြင်ရေးအတွက် ယခုထက် တိုးမြှင့်အကောင် အထည်ဖော်ဆောင်ရွက်ကြရဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍    လှိုင်းဘွဲမြို့နယ် စီမံကိန်းဦးစီးဌာနမှ    မြို့နယ်ဦးစီးမှူး ဒေါ်မြင့်စန္ဒာအောင်က ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက်တာဝန်များနှင့်ပတ်သက်၍  စုစုပေါင်းထုတ်လုပ်မှုနှင့်   ဝန်ဆောင်မှုတန်ဖိုး(GDP)အခြေအနေကို လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ဝန်ဆောင်မှု ကဏ္ဍကြီးတို့ဖြင့်တွက်ချက်ပါကြောင်း၊ လှိုင်းဘွဲမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်(ဧပြီလ မှ မတ်လ)ဒေသန္တရစီမံကိန်းရည်မှန်းချက်အပေါ်တွင် ကဏ္ဍများ၏စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးကို နှစ်အလိုက်စျေးနှုန်းအရ(၃၆၆ ဒဿမ ၉၂၅) ဘီလီယံပေါ်တွင်    ယခင်နှစ်ကထက် (၁၁ ဒဿမ ၉) ရာခိုင်နှုန်းတိုးတက်ရန်   ရည်မှန်းရေးဆွဲထားပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လှိုင်းဘွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းကကဏ္ဍအလိုက် စီမံကိန်းရည်မှန်း ချက်များ တာဝန်ပေးအပ်ရာတွင် ဌာနဆိုင်ရာများ ကိုယ်စား စိုက်ပျိုးရေးဦးစီးဌာနနှင့်မြေစာရင်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး တို့ကလည်းကောင်း၊  နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှုလျာထားချက်များ  တာဝန်ပေးအပ်ရာတွင်ဌာနဆိုင်ရာများကိုယ်စား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆည်‌မြောင်းဦးစီးဌာန၊ လျှပ်စစ်ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံတို့အား  ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ခဲ့ကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)