ဒေးဒရဲ ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး ရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၉)နာရီက တော်ကျိုက်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အားလပ်ချိန်များတွင် စာပေ လေ့လာဖတ်ရှု၍ အချိန်ကိုအကျိုးစွာ အသုံးချနိုင်စေရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များပြသခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ကလေးအလုပ်သမားပပျောက်ရေး ကြိုတင်သတိပြုကာကွယ်ရမည့် အချက်များအား ဆွေးနွေးဟောပြောခြင်းနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အပူဒဏ်အန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း