ဒေးဒရဲ ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ တိုးပွားစေရေးရည်ရွယ်၍ မုန့်လုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မိုးသီတာအောင်က နို့စိမ်းဂျယ်လီကျောက်ကျော၊ နို့စိမ်းသီးစုံ ကျောက်ကျော၊ နို့စိမ်းသစ်ခွကျောက်ကျော၊ စတော်ဘယ်ရီ ကျောက်ကျော၊ နာနတ်သီးကျောက်ကျောနှင့် ထန်းသီးကျောက်ကျောစသည့် မုန့်လုပ်နည်းများကို သင်ကြားပြသပေးခဲ့ရာ မြို့နယ်အတွင်းရှိ မုန့်လုပ်ငန်းစိတ်ပါဝင်စားသူ သင်တန်းသူ (၂၅) ဦး တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။
သင်တန်းအပြီးတွင် တက်ရောက်လာသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော မြို့နယ်ရုံးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ ကလေးအလုပ်သမားပပျောက်ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း