နတ်တလင်း ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ပူးပေါင်းအဖွဲ့များနှင့် ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ပုဂ္ဂလိက ဆေးကုခန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးအေးသန့်နှင့်ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးအောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ ပုဂ္ဂလိကဆေးကုခန်း (၉) ခန်းအား ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင် ကုန်ဆုံးခြင်း ရှိ/ မရှိ၊ လိုင်စင်ကို တစ်ခြားသူတစ်ဦးဦးအား လွှဲပြောင်း ခြင်း(သို့)ငှားရမ်းခြင်း ရှိ/မရှိ၊ လိုင်စင်ခွင့်ပြုထားသည့်နေရာတွင် ခွင့်ပြုချက်(သို့)လိုင်စင်မရှိဘဲ အခြားလုပ်ငန်းတစ်ရပ်ရပ်လုပ်ကိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သော ဆရာဝန်၊သူနာပြု၊ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ ရုံးချိန်/တာဝန်ကျချိန်တွင် လာရောက်တာဝန်ထမ်းဆောင်ခြင်း ရှိ/မရှိ၊ တည်ဆဲဥပဒေအရ အမှုဖွင့်လှစ်ခြင်းခံရသောပုဂ္ဂိုလ်များ လာရောက်တာဝန်ထမ်းဆောင်ခြင်း ရှိ/မရှိ၊ မှုခင်းနှင့်သက်ဆိုင်သည့် ထိခိုက်ဒဏ်ရာရရှိသည့် အရေးပေါ်လူနာများကို လိုအပ်သောကုသမှုများ ဆောင်ရွက်ပြီးသည်နှင့် သက်ဆိုင်ရာပြည်သူ့ဆေးရုံသို့ ဆေးမှတ်တမ်းအပြည့်အစုံဖြင့် လွှဲပြောင်းပေးခြင်း ရှိ/မရှိ၊ ကျန်းမာရေးစောင့်ရှောက်သူ၏ မကျေနပ်မှုကို ဖြေရှင်းပေးနိုင်ရန် အစီအစဉ်များ ချမှတ်ထားခြင်း ရှိ/မရှိ၊ Covid-19 ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များ လိုက်နာရန်ပြင်ဆင်ထားခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး