ရေတာရှည်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သက်ဆိုင်သူများပါဝင်သော သုံးသပ်ဆွေးနွေးပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ရေတာရှည် ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်သူအားလုံးပါဝင်သည့် လုပ်ငန်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်မျိုးက ဘတ်ဂျက်နှစ် တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းများအပြင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များ၊ လုပ်ငန်းလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးနိုင်စေရန် စီမံကိန်းလုပ်ငန်းကျေးရွာများမှ အမှန်တကယ်ပါဝင်ဆောင်ရွက်နေသူများ အားလုံးပါဝင်သော လုပ်ငန်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ရေတာရှည်မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က လုပ်ငန်းလိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လျာထားလုပ်ငန်းများအား ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ စံပြဆုရရှိသည့် မြို့လှမြို့မှ ကျေးရွာတာဝန်ခံတစ်ဦးအား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်မျိုးက ဆုများပေးအပ်ချီးမြင့်ခဲ့သည်။

ယင်းနောက် ဒုတိယပိုင်း အခမ်းအနားအစီအစဉ်အား ဆက်လက်ကျင်းပရာ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖွင့်လှစ်ခဲ့သည့် ကျေးရွာများ၊ ဆိုလာရေတင်စနစ်ဆောင်ရွက်နေသည့် ကျေးရွာများ၊ VDP လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ကျေးရွာများ အစရှိသည့်ကျေးရွာများမှ ကျေးရွာကော်မတီဝင်များအား အစုအဖွဲ့အလိုက် ဖွဲ့စည်းစေ၍ အဆိုပါ အစုအဖွဲ့အလိုက် Exit Strategy အရ ကိုယ်ထူကိုယ်ထ ဆောင်ရွက်နိုင်သော ကျေးရွာများအား မြို့နယ်အဆင့် သက်ဆိုင်သူအားလုံး ပူးပေါင်း ပါဝင်သည့် သုံးသပ်ဆွေးနွေးပွဲတွင် ရွေးချယ်ရန်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် သက်ဆိုင်သူအားလုံးပူးပေါင်းပါဝင်သည့် ဆွေးနွေးပွဲမှ အတည်ပြုရန်ကိစ္စ၊ ပုံစံ(၇-ခ)ဖြင့် ဆပ်/ထုတ်/ချေး စနစ်ဆောင်ရွက်ရာတွင် ပူးတွဲအထောက်အထားများ ပြည့်စုံမှန်ကန်စေရေး အစရှိသည့် လုပ်ငန်းဆိုင်ရာများကို အစုအဖွဲ့အလိုက် သုံးသပ်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ‌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)