မော်လိုက် ဧပြီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အမှာစကားပြောကြားရာတွင် “နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားစီမံကိန်းဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ဌာနများနှင့်သက်ဆိုင်တဲ့ ရည်မှန်းချက်များကို အောင်မြင်ပြည့်မီ ကျော်လွန်အောင် တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ရမှာဖြစ်ကြောင်း” ပြောကြားသည်။
ဆက်လက်ပြီး ခရိုင် စီမံကိန်းဦးစီးမှူး ဦးအောင်ကျော်ဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများကို ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်