မကွေး ဧပြီ ၂၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက တိုင်းဒေသကြီးအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်များ အားကစားလှုပ်ရှားမှုများတွင် စိတ်ဝင်စားမှုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှု မြင့်တက်လာစေရန်၊ အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်၊ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာဖြစ်သည့်အတွက် အားကစားတိုးတက်မြင့်မားခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာအဆင့်အတန်းနှင့် အခြေအနေကို ဖော်ပြနေခြင်းဖြစ်သည့်အတွက် ယခုလို နွေရာသီသင်တန်းများကို အခြေခံမှတစ်ဆင့် အဆင့်မြင့်သင်တန်းများ ဖွင့်လှစ်ပေးနေရခြင်း ဖြစ်ပါကြောင်း၊ ယခုလို နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသည့်အတွက် လူငယ်များ အားကစားနှင့်ပညာရေးကို ပေါင်းစပ်သင်ကြားနိုင်ပြီး ဗလငါးတန်ဖွံ့ဖြိုးမှုကို အထောက်အကူပြုကာ ပညာတတ်သော၊ စိတ်ဓာတ်/စည်းကမ်း ကောင်းမွန်သော၊ ကျန်းမာကြံ့ခိုင်သော၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ဖြစ်လာနိုင်သလို နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် လက်ရွေးစင်အားကစားသမားများလည်း ပေါ်ထွက်လာမှာဖြစ်ပါကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နည်းပြဆရာများ၏ သင်ကြားပေးမှုအပေါ် အကောင်းဆုံး ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နွေရာသီအဆင့်မြင့် အားကစားသင်တန်းတွင် သင်ကြားမည့် အားကစားနည်းများမှ သက်ဆိုင်ရာအားကစားနည်းအလိုက် သရုပ်ပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သရုပ်ပြအဖွဲ့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါသင်တန်းတွင် ဝူရှူး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ တင်းနစ်၊ လက်ဝှေ့နှင့် ကရာတေးဒို စသည့်အားကစားနည်း(၇)မျိုးကို အားကစားနည်းအလိုက် အောင်မြင်မှုများရရှိခဲ့သည့် အားကစားသမားများ နည်းပြများမှ အခြေခံကျသည့် နည်းစနစ်များအလိုက် ဧပြီလ ၂၅ ရက်နေ့မှ မေလ ၂၃ ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)