အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

အောင်လံ ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄-၂၀၂၅  ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ အောင်လံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး၊ အောင်လံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ခရိုင်အဆင့် ဌာနများအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့ပြီး၊ အောင်လံခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ခရိုင်စီမံကိန်းဦးစီးမှူး ဦးသောင်းထိုက်က ရှင်းလင်းတင်ပြခဲ့သည်။

နိဂုံးချုပ်အနေဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက မိမိတို့တာဝန်ကျရာဒေသကို မိမိတို့ရဲ့ဒေသကဲ့သို့ခံယူပြီး ဒေသနေပြည်သူများရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို  ယခင်နှစ်များထက် ပိုမိုတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းအားထား ဆောင်ရွက်ပေးကြပါလို့မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)