ဆိပ်ဖြူ ဧပြီ ၂၅
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများအခြေပြု ကင်းထောက်၊ ယဉ်ကျေးလိမ္မာနှင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းများကို ဆိပ်ဖြူ (အ.ထ.က) ကျောင်း၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများ ကျောင်းအုပ်ဆရာကြီးများက ကြီးကြပ်၍ နွေရာသီ ကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား/ ကျောင်းသူများကို ရပ်ရွာဒေသအကျိုးပြုလုပ်ငန်းများ၊ ကျန်မာရေးစောင့်ရှောက်မှု အခြေခံရှေးဦးပြုစုခြင်းလုပ်ငန်းများနှင့် လူမှုပတ်ဝန်းကျင်ရပ်ရွာတို့၌ ယဉ်ကျေးလိမ္မာသော မျိုးဆက်သစ် လူငယ်လူရွယ်များပေါ်ထွန်းပြီး ရပ်ကျိုးရွာကျိုးများ ပူးပေါင်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို အခြေခံပညာကျောင်းများမှ အခြေခံပညာကျောင်းများ အခြေပြုကင်းထောက်သင်တန်း၌ ကျောင်းသား/ကျောင်းသူ (၃၀) ဦး၊ အခြေခံရှေးဦးပြုစုခြင်းသင်တန်း၌ ကျောင်းသား/ကျောင်းသူ (၃၀) ဦး၊ ယဉ်ကျေးလိမ္မာသင်တန်း၌ ကျောင်းသား/ကျောင်းသူ (၃၀) ဦး အသီးသီးတက်ရောက်လျက်ရှိပြီး သင်တန်းများအလိုက် နည်းပြဆရာ/ဆရာမများကို သင်ကြားပေးလျက်ရှိသည်။ အခြေခံပညာကျောင်းများအခြေပြု ကင်းထောက်၊ ယဉ်ကျေးလိမ္မာနှင့် အခြေခံ ရှေးဦးပြုစုခြင်းသင်တန်းများကို ဧပြီလ ၂၄ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက ပြောကြားသိရသည်။
ကိုဇွဲ(အညာမြေ)