နတ်တလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နတ်တလင်း ဧပြီ ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ နတ်တလင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုး၊ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ နတ်တလင်းခရိုင်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နတ်တလင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုးမှ စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဥ်း၍ ဆောင်ရွက်ပြီး/ ဆောင်ရွက်စဲအခြေအနေ များအားရှင်းလင်းဆွေးနွေးပြေားခြင်း၊ နတ်တလင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်နိုင်ထွန်းမှ ခေတ်မီစံပြကျေးရွာ စီမံကိန်း(Smart Village) ကျေးလက်စီးပွား မြှင့်တင်ရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)နှင့် ဆိုလာရေတင်လုပ်ငန်းစာတမ်းအား ဖတ်ကြားတင်ပြခြင်း၊ သဲကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေါ်စန္ဒာအေးမှ မြစိမ်းရောင်စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုစာတမ်းအားဖတ်ကြားတင်ပြခြင်း၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်မှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ဖွင့်လှစ်ခြင်းနှင့်စပ်လျဥ်းသည့် စာတမ်းအား ဖတ်ကြားတင်ပြခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ဒေသခံပြည်သူများမှ သိရှိလိုသည်များကိုဆွေးနွေး တင်ပြခဲ့ရာ ခရိုင်/ မြို့နယ်ဦးစီးများမှ ဆွေးနွေးတင်ပြချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်နှင့် မြို့နယ်အဆင့် မြစိမ်းရောင်စီမံကိန်းတွင်ဆုရရှိသည့် ကျေးရွာများအား တက်ရောက်လာသော တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး