ချောက် ဧပြီ ၂၅
ချောက်ခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ချောက်ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ချောက်ခရိုင် (ခေတ္တ)အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍအလိုက် ဒေသန္တရစီမံကိန်းတာဝန်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ချောက်ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး၊ ခရိုင်စီမံကိန်းဦးစီးမှူး ဒေါ်အေးအေးဖြိုးမှ ချောက်ခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် နိုင်ငံပိုင်အခန်းမှ ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများ၏ ရင်းနှီးမြုပ်နှံမှုရည်မှန်းချက်များအပေါ် ရှင်းလင်းတင်ပြခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ချောက်ခရိုင်(ခေတ္တ)အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)