မိုးညို ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း ခင်ကျင်းပြီးစီးသော ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီကပြုလုပ်ခဲ့သည်။
ကွန်ကရစ်လမ်းအား ဖွင့်လှစ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းသန်းစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးတို့က တက်ရောက်လာသောဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းကို ပြည်ထောင်စုဘတ်ဂျက်(၂၈၇)သိန်းကျပ်ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံအထောက်အကူပြုအဖွဲ့ကကြီးကြပ်ဆောင်ရွက်ခဲ့ပြီး အလျား ၄၀၀ ပေ၊ အကျယ်လမ်းပခုံးအပါ ၁၆ ပေ၊ ထု ၈ လက်မရှိကြောင်း၊ ကွန်ကရစ်လမ်းပြီးစီးပြီဖြစ်သည့်အတွက် ဆေးရုံဝင်းအတွင်းရှိ ရုံးခန်း၊ ဓာတ်မှန်ခန်း၊ ရောဂါရှာဖွေရေးဌာန၊ အောက်ဆီဂျင်ထုပ်လုပ်ရုံနှင့်ဝန်ထမ်းအိမ်ရာတို့အား သွားလာရေးအဆင်ပြေချောမွေ့ပြီး ဆေးကုသရန်လာရောက်သည့် ပြည်သူများမှလည်း သွားလာရေးပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုမင်း(ပြန်/ဆက်)