ပုသိမ်၌ တစ်ပိုင်တစ်နိုင်စိုက်ခင်းတောင်သူများ၏ အသီးအနှံများ ရောင်းအား ကောင်းမွန်

ပုသိမ်  နိုဝင်ဘာ  ၆

ပုသိမ်မြို့နယ်၊ အမှတ် ၁၀ နယ်မြေ၊ စက်ကုန်းရပ်တွင် နှစ်ပေါင်းကြာမြင့်စွာ စီးပွားဖြစ်စိုက်ပျိုးရေး လုပ်ငန်းကိုသာ လုပ်ကိုင်လျက်ရှိသော ဦးသိန်းငွေ ပိုင်ဆိုင်သည့် စိုက်ဧကတစ်ဧကခွဲတွင် စားပင်သီးနှံများအပြင် ပန်းစိုက်ခင်းများကိုပါ စိုက်ပျိုး၍ စီးပွားဖြစ်အောင်မြင်လျက်ရှိကြောင်းသိရသည်။

တောင်သူဦးသိန်းငွေ စိုက်ပျိုးထားသည့် အသီးအနှံနှင့်ပန်းပင်အမျိုးအစား ၇ မျိုးခန့်ရှိကြောင်း ၊ယခုဆိုလျင် ချဉ်ပေါင်၊ ရုံးပတီ၊ သင်္ဘောသီး၊ ခရမ်းသီး၊ ဂန္ဓမာပန်း၊ စံပယ်ပန်း စသည့်အပင်များ စိုက်ပျိုးထားရှိကြောင်း၊ ရုံးပတီနှင့်ဂန္ဓမာပန်းတို့မှာ အရောင်းရဆုံးဖြစ်ကြောင်း ၊ သင်္ဘောစိုက်ခင်းမှာ အသီးကျချိန်ဖြစ်၍ ရောင်းအားမရှိတော့ကြောင်း၊ ယခုအချိန်တွင် ရုံးပတီသီးကို တနေ့လျင် အတောင့်ရေ ၇၀၀-၈၀၀ ခန့် ခူးဆွတ်ရောင်း ချနေရကြောင်း သိရသည်။ ရုံးပတီစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ရှေးဦးစွာ မြေပြင်ညီညာအောင်ညှိကာ ပေါက်တူး တစ်ပြားစာ တူး၍ မြေဆွေးထည့်ပြီး အစေ့များကို တစ်လက်မခန့် အနက်ရှိသော မြေတွင်ထားရှိပြီး မိုးတစ်ပြိုက် လောက်ရွာပြီးနောက် မျိုးစေ့များ ရေဝပ်ပုပ်သိုးမှုမရှိအောင် ဂရုစိုက်ဆောင်ရွက်ခဲ့ရ ကြောင်း၊ စိုက်ခင်းပိုင်ရှင် ဦးသိန်းငွေက ပြောသည်။

စိုက်ဧကတစ်ဧကခွဲအတွင်း အပင်အမျိုးအစားပေါင်း ၇ မျိုးရှိရာ စုစုပေါင်းအပင်အရေအတွက် သုံးသောင်းကျော်ရှိကြောင်း၊ မြေသြဇာအဖြစ် နွားချေး၊ ကြက်ချေး၊ ငုံးချေးနှင့် စပါးခွံမှုန့် တို့ကိုရောစပ်၍ အခိုးသတ်သိုလှောင်ထားရှိကြောင်း၊ ယခုအချိန်တွင် ကြက်မွေးသူနည်းပါးလာ၍ ကြက်ချေးကို စျေးကောင်းပေးဝယ်ယူနေရကြောင်း၊ အခြားသောဓာတု ဆေးဝါးများ သုံးစွဲခြင်းမပြု ပဲစိုက်ပျိုးထားခြင်းကို ပုသိမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လာရောက်စစ်ဆေးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်းကြာမြင့်လျက်ရှိပြီး မျိုးစေ့ထုတ်များကို နည်းစနစ် မှန်ကန်စွာဖြင့် စိုက်ပျိုးထုတ်လုပ်မှုများကြောင့် အောင်မြင်ဖြစ်ထွန်းကာ အနယ်နယ် အရပ်ရပ်မှ လာရောက် မှာယူကြသူများနှင့် ရောင်အားကောင်းလျက်ရှိကြောင်း စိုက်ခင်းပိုင်ရှင် ဦးသိန်းငွေထံက သိရသည်။

မြင့်ဟန် (ပုသိမ်ခရိုင်၊ပြန်/ဆက်)