ဘားအံမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန် ပေးအပ်ပွဲကျင်းပ

ဘားအံ  ဧပြီ ၂၄

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်ခန့်က ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိရာ ဘားအံမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းကိုလည်း ဘားအံမြို့နယ် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ရည်မှန်းချက်အဖြစ် ထားရှိပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ လူမှုစီးပွားတိုးတက်မှု အထောက်အကူပြု လုပ်ငန်းစီမံကိန်းများကို ဦးစားပေးလျာထားပြီး ဖြစ်သည့်အတွက်  ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး ဘက်ပေါင်းစုံမှ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊  ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ကဏ္ဍအလိုက်နှင့် နယ်ပယ်အလိုက် လုပ်ငန်းများအောင်မြင်ရေးအတွက် ယခုထက် တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ ဘားအံမြို့နယ် စီမံကိန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သီတာက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက်တာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဝင်းက ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ရာတွင် ဌာနဆိုင်ရာများကိုယ်စား စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးကလည်းကောင်း၊  နိုင်ငံပိုင် အခန်းရင်းနှီးမြှုပ်နှံမှု လျာထားချက်များ တာဝန်ပေးအပ်ရာတွင် ဌာနဆိုင်ရာများကိုယ်စား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးကလည်းကောင်း၊ တိုက်နယ်အလိုက် အုပ်ချုပ်ရေးမှူးများသို့ စီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)